ကျောက်ဆည် မတ် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနက ၂၀၂၁-၂၀၂၂ ဘဏ္ဍာနှစ်၌ သင်းတွဲမြောင်းအတွင်း သီးနှံမျိုးစုံစိုက်ဧက(၁၀၉၉၇)ဧက စိုက်ပျိုးရာတွင် သီးနှံများအောင်မြင်သည်အထိ သတ်မှတ်ရေပမာဏ ပြည့်ဝစွာပေးနိုင်ရေး သဲနုန်းတူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
လုပ်ငန်းများဆောင်ရွက်ခြင်းကို မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေကျပ် (၅၂.၂)သန်း ဖြင့် မြောင်းအရှည်ပေ (၇၃၀၀၀)အတွင်းမှ သဲနုန်း(၃၆၀၀၀)ကျင်းအား သတ်မှတ်အချိန်ကာလ ပြီးစီးစေရေးအတွက် စက်ယန္တရားကြီးများ အသုံးပြုကာ တူးဖော်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သဲနုန်းတူးဖော်ပေးခြင်းဖြင့် သင်းတွဲမြောင်းမှ သီးနှံမျိုးစုံ (၁၀၉၉၇)ဧကအတွက် စိုက်ပျိုးရေများ ပေးဝေရာတွင် ရေစီးရေလာအဟန့်အတားမရှိ သတ်မှတ်ရေပမာဏ ပြည့်ဝစွာ ရေများပေးဝေနိုင်တော့မည် ဖြစ်ကြောင်းနှင့် ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနအနေဖြင့် သီးနှံများ စိုက်ပျိုးရာတွင် ရေအလေအလွင့်နည်းပါးစွာဖြင့် စိုက်ပျိုးရေများပြည့်ဝစွာ ပေးဝေနိုင်ရေးအတွက် ဘဏ္ဍာနှစ် အလိုက်ခွင့်ပြုရန်ပုံငွေများဖြင့် မြောင်းများပြန်လည်ပြုပြင်ပေးခြင်း၊ ရေပေးပြွန်များ အသစ်ပြောင်းလဲ တပ်ဆင်ပေးခြင်း၊ ရေကျအဆောက်အအုံများနှင့် ရေတံခါးများ ပြန်လည်ပြုပြင်ပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


