ကျောက်ဆည် နိုဝင်ဘာ ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် သပြေပင်စိုက်ပျိုးသူများသည် အများအားဖြင့် ဘုရားပန်းအဖြစ်ရောင်းချရန် စိုက်ပျိုးခြင်းဖြစ်ပြီး ဘုရားပန်းတင်ရန်အတွက် အညွန့်အကိုင်းချိုး၍ အညွန့်(၁၀)ညွန့်ပါ သပြေကိုင်း(၃)ကိုင်း တစ်စည်းကို ငွေကျပ်သုံးရာရောင်းချရခြင်းကြောင့် သပြေပန်း စိုက်ပျိုး ရောင်းချသူ မိသားစုများ အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။
သပြေပန်းစိုက်ပျိုးရာတွင် မြေဘောင်များပြုလုပ်ကာ တစ်ပင်နှင့်တစ်ပင်(၅)ပေ၊ တစ်တန်းနှင့်တစ်တန်း (၆)ပေ အကွာ စိုက်ပျိုးခြင်းဖြင့် လေဝင်လေထွက်ကောင်းမွန်ပြီး လိုအပ်သလိုရေသွင်းရေထုတ်ပြုလုပ်ရာတွင် လည်း ပိုမိုအဆင်ပြေစွာ ဆောင်ရွက်နိုင်ခြင်းကြောင့် အပင်များ အကိုင်းအခတ်ဖြာထွက်မှုကောင်းမွန်ပြီး အရောင် အသွေး ကောင်းမွန်ရာ ရောင်းချရာတွင်လည်း ဝယ်ယူသူ ပိုမိုများပြားကြောင်း ပင်တလည်ကျေးရွာမှ သပြေပန်း အပင်(၂၀၀)စိုက်ပျိုးရောင်းချနေသူ မသီတာအေး ပြောပြ၍ သိရှိရသည်။
သပြေပန်း စိုက်ပျိုးရောင်းချသူများအနေဖြင့် အခြားသီးပင်၊စားပင်များကဲသို့ လုပ်အားနှင့် သွင်းအားစု ကုန်စရိတ်နည်းပါးသောကြောင့် နေ့စဉ်ဝင်ငွေရသဖြင့် တစ်ပိုင်တစ်နိုင် စိုက်ပျိုးသင့်သော အပင်တစ်မျိုး ဖြစ်ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)


