ကျောက်ဆည်၊ ၈ ဖေဖော်ဝါရီ

 

မန္တလေးတိုင်းဒေကြီး ကျောက်ဆည်မြို့နယ်အတွင်းရှိ တောင်သူများသည် ဆည်မြောင်းချောင်းကန်များ ပေါများသဖြင့် ဆန်စပါးကို အဓိကထားစိုက်ပျိုးကြသော်လည် ဆည်ရေသောက်မရရှိသည့် ယာမြေများနှင့် ကျွန်းမြေများတွင် ယခင်က ပဲ၊ ပြောင်း၊ ငရုတ် စသည့်စိုက်မြေများတွင် နေ့စဉ်နီးပါးဝင်ငွေရရှိသည့် မီးဖိုချောင်သုံး သီးပင်၊ စားပင်များ ပြောင်းလဲစိုက်ပျိုးလာကြကြောင်း သိရှိရသည်။

 

မီးဖိုချောင်သုံး သီးပင်၊ စားပင်များ ပြောင်းလဲစိုက်ပျိုးခြင်းများနှင့် ပတ်သတ်၍ “ယခင်က ကျွန်တော် ငရုတ်သီး စိုက်တယ် ငရုတ်သီးစိုက်တော့  အပင်ပျိုးထောင်တာတို့ ပြောင်းရွှေ့စိုက်ပျိုးတာ၊ ရေတင်၊ ပေါင်းပေါက်၊ ဆေးဖျန်း၊ ခူးဆွတ်တာတွေ လုပ်တဲ့အခါ အလုပ်သမားတွေခေါ်ရတာ အဆင်မပြေမှုတွေရှိတယ်။ ရောင်းတဲ့အခါမှာလည်း ဈေးကောင်းရရင်တော့ အဆင်ပြေတာပေါ့။ အခုနောက်ပိုင်းမှာ ဈေးကွက်ကလည်း သေချာမှုမရှိတော့ လုပ်ရပြီး အကျိုးအမြတ်မရှိဘူး၊ တစ်ချို့နှစ်တွေဆို အရှုံးပေါ်တယ်။ စတင်စိုက်ပျိုးချိန်မှစတင်ပြီး ရိတ်သိမ်းချိန်အထိ (၈)လ ပတ်ဝန်းကျင် လုပ်ရတာဆိုတော့ အချိန်ကာလကလည်း ကြာတယ်လေ၊ အဲ့ဒါကြောင့် အခုဆိုရင် ငရုတ်မစိုက်တော့ဘဲ နေ့စဉ်ခူးဆွတ်ရောင်းရတဲ့ ဆလပ်၊ မုံညင်း၊ ပူစီနံ၊ ပင်စိမ်း၊ ခဝဲ၊ ဘူး၊ ချဉ်ပေါင်တို့ကို မျှပြီးစိုက်ပျိုးရောင်းချတာ အဆင်ပြေတယ်ဟု ရန်ပုံနှစ်ကျေးရွာမှ တောင်သူ ဦးမြင့်မောင်က ပြောပြသည်။

 

မီးဖိုချောင်သုံး ကုန်စိမ်းသီးနှံစိုက်ပျိုးရာတွင်လည်း နေစဉ်ရောင်းချရမှုရှိစေရေးအတွက် သီးနှံမျိုးစုံကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)