ကျောက်ဆည် ၁၄ နိုဝင်ဘာ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ် ဝေဘူချောင်တွင် ပထမဝေဘူဆရာတော်ကြီးကိုယ်တိုင် ကောဇာသက္ကရာဇ်(၁၃၂၃)ခုနှစ်၊(၁၉၆၁-ခုနှစ်၊နိုဝင်ဘာ ၂၉/၃၀)ရက်နေ့မှ စတင်၍ကျင်းပခဲ့သော ဝေဘူရတနာ သုံးပါး ပူဇော်ပွဲကြီးကို ယခုနှစ် ကောဇာသက္ကရာဇ်(၁၃၈၂)ခုနှစ်၊(၂၀၁၉-ခုနှစ်၊နိုဝင်ဘာလ ၁၈/၁၉)ရက်နေ့များ တွင်(၅၉)ကြိမ်မြောက်အဖြစ် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ကြောင်း ရတနာသုံးပါးပူဇော်ပွဲကျင်းပ ရေးဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရှိရသည်။

အဆိုပါ ရတနာသုံးပါးပူဇော်ပွဲကြီးသည် ကျောက်ဆည်မြို့နယ်လုံးရှိ သံဃာ၊သီလရှင်ကျောင်းတိုက်များ ဆရာတော်ဘုရားကြီး၏ ဇာတိမြေရွှေဘို အင်ကြင်းပင်ကျောင်းတိုက်နှင့်တကွ မန္တလေး၊ပခုက္ကူနှင့်ဆရာတော်   ကြီးကြွရောက်ချီးမြှင့်တော်မူခဲ့သော အခြားမြို့များနှင့် ကျောက်ဆည်ခရိုင်အတွင်းရှိ စဉ့်ကိုင်၊မြစ်သား၊တံတား ဦးမြို့နယ်တို့ရှိကျေးရွားများမှ လှူဒါန်းသည့် ပွဲတော်ကြီးလည်း ဖြစ်သည်။

ဝေဘူရတနာသုံးပါးပူဇော်ပွဲကြီးအား ကျောက်ဆည်မြို့ပေါ်ရပ်ကွက်(၁၀)ရပ်ကွက်နှင့်   အနီးအနား   ကျေးရွာများသာမကရပ်ဝေးရပ်နီးရှိ ဆရာတော်ကြီး၏ တပည့်ဒါယကာ၊ဒါယိကာများ၊ဌာနဆိုင်ရာရုံးများ၊ အခြေခံပညာကျောင်းများ၊ မိသားစုများ၊ အသင်းအဖွဲ့များ၊တစ်ဦးချင်းလူပဂ္ဂိုလ်များ ဝိုင်းဝန်းစုပေါင်း၍ ဆွမ်း၊ဆွမ်းဆန်နှင့်စာရေးတံမဲများဖောက်၍ လောင်းလှူကြရာ ထိုသို့လောင်းလှူရန်အတွက် မဏ္ဍပ်အကြီး၊အသေး၊အခန်းပေါင်း(၅၀၀)ခန့် ကိုလည်းပွဲတော်ဖြစ်မြောက်ရေးကော်မတီအဖွဲ့မှ စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရှိရသည်။

အဆိုပါပွဲတော်ကြီးကို နှစ်စဉ် တန်ဆောင်မုန်းလပြည့်ကျော်(၇/၈)ရက်နေ့များတွင်ကျင်းပပြုလုပ်ပြီး လပြည့်ကျော်(၇)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာအလှူရှင်များက မိမိတို့လောင်းလှူမည့်မဏ္ဍပ်တွင် မိမိတို့ လောင်းလှူမည့်ပစ္စည်းများနှင့်  ပဒေသာပင်များကို အတီး၊အမှုတ်၊အကအခုန် မျိုးစုံတို့ဖြင့် ညပိုင်းမှောင် သည်အထိ လာရောက်ပို့ဆောင်ကြရာ ကြည့်ရှုသူများနှင့် ကြက်ပျံမကျ ရှိကာ လမ်းတစ်လျှောက်တွင်အအေးမျိုးစုံတိုက်ကျွေးသည့်စေတနာအလှူရှင်များ၊ ဝေဘူချောင်တွင်လည်း ထမင်း စတုဒိသာများဖြင့် ဧည့်ခံကျွေးမွေးကြောင်း လည်းသိရှိရသည်။

လပြည့်ကျော်(၈)ရက်နေ့တွင်အလှူခံကြွရောက်လာကြသည့် ရပ်ဝေး၊ရပ်နီးမှ ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့်ယောဂီများများအား အာရုံဆွမ်း၊နေ့ဆွမ်းနှင့်အခက်အခဲမရှိစေရေးတို့အတွက် ဒံပေါက်၊ပဲထမင်း၊ ရိုးရိုးထမင်းဖြူဆွမ်းနှင့်ဆွမ်းဟင်းမျိုးစုံအပြင် နိဗ္ဗာန်ဈေးပြုလုပ်ပြီး အစားအသောက်များကို နှစ်သက်ရာ ဘုဉ်းပေးသုံးဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားပြီး လူပုဂ္ဂိုလ်များအတွက် အလှူရှင်များက ထမင်း စတုဒီသာများနှင့် အလှူ မဏ္ဍပ်များမှလည်း ဧည့်ခံကျွေးမွေးမှုများ ရှိကြောင်း လည်းသိရှိရသည်။

ယခုနှစ် ရတနာသုံးပါးပူဇော်ပွဲကြီးတွင် ပင့်သဃာ(၁၅၀၀)၊သီလရှင်နှင့်ယောဂီ(၇၀၀)ခန့်တို့ကို ပင့်ဖိတ် လောင်လှူသွားမည်ဖြစ်ပြီး ပွဲတော်ကြီးပိုမိုစည်ကားရေးအတွက် ခြင်းအလှခတ်ပွဲနှင့် “မြင်သစ်”သစ်ဇာတ်သဘင် ပွဲတို့ကို ထည့်သွင်းဖျော်ဖြေသွားမည်ဖြစ်ပြီး လုံခြုံရေးအစီအမံများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများလည်း ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

သက်မောင် (ကျောက်ဆည်)