မန္တလေး ၄ မေ

အထက်မြန်မာပြည်အတွက် သိုလှောင်ရန် နိုင်ငံတော်အရန်ရိက္ခာဆန်များကို မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့၊ ဖောင်ရွာ၊ ရွာသစ်ရပ်ရှိ စားသုံးသူရေးရာ ဦးစီးဌာနပိုင် သိုလှောင်ရုံတွင် မေလ ၃ ရက်နေ့က စတင်လက်ခံဆောင်ရွက်နေကြောင်း မန္တလေးတိုင်းဒေသကြီး အရန်ရိက္ခာဆန်များ ဝယ်ယူ၊ လက်ခံ၊ သိုလှောင်ရေး ကြီးကြပ်မှုအဖွဲ့မှသိရသည်။

 

ကိုဗစ်-၁၉ ရောဂါပြန့်ပွားမှုမြင့်မားလာပါက တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် နိုင်ငံသားများအား နိုင်ငံတော်ရိက္ခာအဖြစ်ဖြန့်ဝေနိုင်ရန် အရန်ရိက္ခာဆန် တန်ချိန် ၅၀၀၀၀ နှင့် စားအုန်းဆီတန်ချိန် ၁၂၀၀၀ ဝယ်ယူ၍ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် သိုလှောင်ထားရှိသွားမည် ဖြစ်ကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်း ကျောက်ဆည်မြို့ရှိ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနပိုင် သိုလှောင်ရုံများ၌ မေလအတွင်း အရန်ရိက္ခာဆန် တန်ချိန် ၅၀၀၀ သိုလှောင်ရန်လျာထားပြီး စားအုန်းဆီများအတွက် ဗဟိုက ခွင့်ပြုထားသည့် ပမာဏအတိုင်း လက်ခံသိုလှောင်သွားနိုင်ရန် စီစဉ်ထားကြောင်း သိရသည်။

 

“အရန်ဆန်ကို မန္တလေးတိုင်းဒေသကြီးနဲ့ တိုင်းဒေသကြီးနဲ့ နီးစပ်တဲ့နေရာတွေမှာ ပြည်သူလူထုအတွက် တကယ်လိုအပ်လာရင် အခြေအနေပေါ်မူတည်ပြီး အသုံးပြုသွားမှာပါ၊ အရန်ဆန်ကြီးကြပ်ရေး အဖွဲ့က မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်နဲ့ ညှိနှိုင်းပြီး ဝယ်ယူမှုတွေ လုပ်တာဖြစ်ပါတယ်၊ အခုဝယ်ယူတာဟာ မြန်မာနိုင်ငံကနေ တခြားနိုင်ငံကို တင်ပို့တဲ့ Export ဆန်ကနေ ၁၀ ရာခိုင်နှုန်းကို ပြန်ပြီးဝယ်ယူတာဖြစ်ပါတယ်၊ အရန်ဆန်ဝယ်ယူတဲ့အခါ ကြီးကြပ်မှုကော်မတီက သတ်မှတ်ထားတဲ့ အရည်အသွေးနဲ့ ကိုက်ညီတဲ့ ဧည့်မထဆန် ၂၅ ရာခိုင်နှုန်း (Well Mille, Polished) အရည်အသွေးကောင်းဆန်တွေကို သိုလှောင်သွားမှာပါ၊ မန္တလေးတိုင်းထဲမှာ ဂိုဒေါင်၁၀လုံး ရှိတယ်၊ ကျောက်ဆည်ဂိုဒေါင် လေးလုံးမှာ တန်ချိန် ၁၉၀၀ သိုလှောင် ထားဖို့လောလောဆယ် လျာထားပါတယ်၊ လိုအပ်လာရင်တခြားနေရာတွေမှာ ဝယ်ယူသိုလှောင် သွားမှာပါ၊ မြန်မာနိုင်ငံအနေနဲ့ အခုချိန်မှာ စားသုံးတဲ့ဆန်အနေနဲ့ဆိုရင် ပိုလျှံတယ်၊ ပြည်ပတင်ပို့မှုလည်းရှိတယ်၊ ဒါပေမယ့် ကိုဗစ်-၁၉ ဖြစ်ပွားလာတဲ့အချိန် စားသုံးသူတွေအနေနဲ့ စိုးရိမ်ကြောင့်ကျမှုတွေရှိလာပြီး ဝယ်ယူမှုတွေ ဆန်ဈေးမတည်မငြိမ်ဖြစ်မှုတွေရှိခဲ့တယ်၊ တောင်သူတွေအနေနဲ့ နွေစပါးပေါ်တဲ့ကာလမှာ ဆန်တွေပြည်ပတင်ပို့မှုမရှိဘူးဆိုရင် ဈေးနှုန်းတွေကျပြီး ထုတ်လုပ်မှုတွက်ချေမကိုက် အခက်ခဲရှိနိုင်တယ်၊ အဲဒါတွေပြေလည်သွားအောင် နိုင်ငံတော်ကနေ အရန်ရိက္ခာဆန်တွေထားရှိဖို့၊ ပြည်သူတွေ အတွက်လိုအပ်လာရင် အခြေအနေပေါ်မူတည်၍ လိုအပ်သလိုအသုံးပြုသွားမှာပါ၊ ဆီဆိုရင်လည်း ကြီးကြပ်ရေးအဖွဲ့နဲ့ ညှိနှိုင်းနေပါတယ်၊ ရလာတဲ့ပေါ်မူတည်ပြီး သင့်တော်တဲ့နေရာမှာ သိုလှောင်ထားရှိဖို့ပြင် ဆင်ပြီးဖြစ်ပါတယ်”ဟု မန္တလေးတိုင်းကြီး အရန်ရိက္ခာဆန်များ လက်ခံ၊ သိုလှောင်ရေးကြီးကြပ်မှုအဖွဲ့ ခေါင်းဆောင် မန္တလေးတိုင်းဒေသကြီးစာသုံးသူရေးရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးမြင့်ဇော်ဦးက ပြောသည်။

 

နိုင်ငံတော်အရန်ဆန်များကို ထားရှိသိုလှောင်သွားရခြင်းမှာ ပြည်တွင်းဆန်ဈေးတည်ငြိမ်ပြီး စားသုံးသူပြည်သူများ ဖိစီးမှုမဖြစ်စေရန်၊ ဈေးနှုန်းကျဆင်းပါက တောင်သူလယ်သမားများ စိုက်ပျိုးထုတ်လုပ်မှုကို မထိခိုက်စေရန်နှင့် ပြည်တွင်းဆန်ဈေးနှုန်းများ မတည်မငြိမ်ဖြစ်ပေါ်လာလျှင် အရန်ဆန်မှ အခြေခံ လူတန်းများသို့ သင့်တင့်သော ဈေးနှုန်းဖြင့် ဖြန့်ဖြူးရောင်းချပေးရန်၊ သဘာဝဘေးအန္တရာယ်ကျရောက်ခဲ့ပါလျှင် အဆိုပါဒေသများရှိ ပြည်သူများကို အဓိက စားနပ်ရိက္ခာဖြစ်သော ဆန်ဖြန့်ဖြူးထောက်ပံ့သွားနိုင်ရန်၊ စပါးရာသီကုန်ဆုံးပြီး နောက်စပါးအသစ် ပေါ်ထွက်လာပါက နိုင်ငံတော်အရန်ဆန်အဖြစ်သတ်မှတ် ထားသည့် အရန်ဆန်များကို ပုဂ္ဂလိက ပို့ကုန်လုပ်ငန်းရှင်များက ကြားခံ၍ ပြည်ပသို့ တင်ပို့သွားနိုင်ရန်၊ နိုင်ငံတော်အရန်ဆန် ထားရှိသည့်အတွက် တည်ငြိမ်မှုရှိလာမည်ဖြစ်၍ ပြည်ပတင်ပို့မှုကို အထောက်အကူဖြစ်စေပြီး မလိုလားအပ်သော ကိစ္စရပ်များပေါ်ပေါက်မှုမရှိစေရန်၊ အာဆီယံဒေသအတွင်း အရန်ဆန် ထားရှိခြင်းကို အထောက်အကူပြုစေရန်နှင့် အဖွဲ့ဝင်နိုင်ငံများ အရေးပေါ်လိုအပ်ချက်များ ရှိလာပါက လိုအပ်သလို စီမံဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်သည်။

 

စိုက်ပျိုးထုတ်လုပ်သူ တောင်သူလယ်သမားများ အကျိုးအမြတ်ရရှိနိုင်ရန်နှင့် ပြည်သူများစိတ် လက်ချမ်းသာစွာ ဝယ်ယူစားသုံးနိုင်ရန် နိုင်ငံတော်အတွင်း အရေးပေါ်အခြေအနေများ ဖြစ်ပေါ်လာပါက လိုအပ်သလို ထုတ်နုတ်သုံးစွဲနိုင်ရန်အတွက် နိုင်ငံတော်အရန်ရိက္ခာဆန်များကို ဝယ်ယူသိုလှောင်ခြင်း ဖြစ်ကာ ရန်ကုန်တိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် အရေးပေါ်အရန်ရိက္ခာဆန်များ လက်ခံသိုလှောင်ဖြန့်ဖြူးရေး အဖွဲ့များဖွဲ့စည်းထားပြီး အရန်ရိက္ခာဆန်များလက်ခံခြင်း၊ သိုလှောင်ခြင်း၊ ဖြန့်ဖြူးခြင်း လုပ်ငန်းများစဉ်များ စနစ်တကျရှိစေရေးနှင့် လေလွင့်ဆုံးရှုံးမှု မဖြစ်ပေါ်စေရေးတို့အတွက် ညွှန်ကြားချက်များလည်း ထုတ်ပြန်ထားသည်။

ထိပ်ထားနိုင် ( ချမ်း/စံ)