မြစ်သား ၂၀ ဇန်နဝါရီ

 

မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတွင် ဇန်နဝါရီ (၂၀)ရက် နံနက်(၉)နာရီက စာဖတ်ရှိန်မြင့်မားစေရေးအတွက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ဆောင်းစုရတီစာပေတိုက်တို့ပူးပေါင်းပြီး စာအုပ်ပြပွဲနှင့် စာအုပ်ဈေးရောင်းပွဲတော် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ဈေးရောင်းပွဲတော်ကို ခရိုင်ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး အောင်မြင့်သိန်း၊ စာပေချစ်မြတ်နိုးသူများအဖွဲ့ဝင် စာရေးဆရာကြီး ဦးအောင်မြင့်၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးဌေးဝင်း၊ လယ်ပြကြယ်ကိုယ်ပိုင်အထက်တန်းကျောင်း တည်ထောင်သူ ဒေါက်တာသင်္ဂီသန်းဦးနှင့် မြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးမှူး ဒေါ်ခင်စောလွင်တို့က ဖဲကြိုးဖြတ် ဖွင့်လှစ်ပေးခဲ့ကြသည်။ 

 

ထို့နောက် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ဆရာ/ဆရာမများ၊ ကျောင်း သား/ကျောင်းသူများနှင့် ပြည်သူများက စာအုပ်ရောင်ပွဲတွင် ခင်းကျင်းပြသထားသည့် စာအုပ်၊ စာစောင်များအား လေ့လာကြည့်ရှုပြီး မိမိတို့ကြိုက်နှစ်သက်သည့် စာအုပ်များကို ဝယ်ယူအားပေးခဲ့ကြောင်း သိရှိရသည်။

 

သက်မောင် (ကျောက်ဆည်)