ကျောက်ဆည် ဇူလိုင် ၅
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့တွင် စပါးစိုက်တောင်သူများ စပါးပျိုးထောင်ရာတွင် မြေနေရာ ကျဉ်းကျဉ်းနှင့် မျိုးစေ့ကုန်ကျမှု သက်သာသောပျိုးထောင်နိုင်သည့် ပျိုးဗန်းစနစ်ဖြင့် စပါးများ ပျိုးထောင်လာကြောင်း သိရသည်။
ထိုသို့ ပျိုးဗန်းစနစ်ဖြင့် စပါးမျိုးများ ပျိုးထောင်ရာတွင် အမြင့်(၁)လက်မရှိ အလျား(၂)ပေ x အနံ(၁)ပေရှိ ပလပ်စတစ်ပျိုးဗန်းများတွင် ရေဆွတ်ထားသည့် သတင်းစာစက္ကူများခင်းပြီး နှုန်းမြေ(၃)ဆ၊ ဖွဲပြာ(၁)ဆ ရောကာ စပါးမျိုးစေ့ နို့ဆီဘူး (၁)ဘူးခန့် ညီညာစွာဖြူး၊ ဖွဲပြာဖုံးကာ ရေလောင်း၍ မျိုးထောင်ရကြောင်း၊ အပင်ပေါက် ညီညာစေရန်အတွက် ပျိုးဗန်းများကို လေဝင်လေထွက်ကောင်းသည့် အရိပ်တွင်ထားရှိကာ ရေဖျန်းခြင်းများ ဆောင်ရွက်ရပြီး လိုအပ်ပါက အမြစ်ပွားဆေးအသုံးပြုပေးရကြောင်း သိရသည်။
ပျိုးဗန်းစနစ်ဖြင့် စပါးစိုက်ပျိုးမည်ဆိုပါက စပါး(၁)ဧကအတွက် မျိုးစေ့(၈)ပြည်မှ(၁၀)ပြည်အထိ အသုံးပြုရပြီး စိုက်ပျိုးရာတွင်လည်း ပျိုးသက်နုချိန်(၁၄)ရက်မှ(၁၆)ရက်အတွင်း စိုက်ပျိုးရသောကြောင့် အပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းသောကြောင့် စပါးစိုက်တောင်သူများ စိတ်ဝင်စားမှုများလာပြီး ပျိုးဗန်း စနစ်ဖြင့် ပိုမိုပျိုးထောင်လာကြကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)


