ကျောက်ဆည် မေ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်တွင် အစိုးရအခြေခံပညာကျောင်း (၁၈၆)ကျောင်း ရှိကြောင်း သိရှိရပြီး ကျောင်းသား ကျောင်းသူများအား သင်ရိုးသစ်ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးအတွက် ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြခံပညာအထက်တန်းကျောင်း၊ ဧရာဝတီအဆောင်နှင့် သံလွင်အဆောင်တို့တွင် သင်တန်းခန်း (၁၀)ခန်းဖြင့် သင်ရိုးသစ် (Grade-11) ဆင့်ပွားသင်တန်းဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

 

အဆိုပါသင်တန်းတွင် သင်တန်းမှူး(၁)ဦးနှင့် ကြီးကြပ်(၂)ဦး၊ သင်တန်းနည်းပြ(၁၄)ဦးမှ သင်ရိုးသစ် (Grade-11) ဘာသာရပ်များသင်ကြားမည့် သင်တန်းသား သင်တန်းသူ၊ ဆရာ ဆရာမ(၁၉၁)ဦးအား ဆင့်ပွားသင်တန်း ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်းနှင့် သင်တန်းကာလမှာ မေ ၂၁ ရက်မှ ၂၃ ရက်နေ့ အထိ (၃)ရက်ကြာမြင့်မည်ဖြစ်ကြောင်း၊ သင်တန်းတွင် မြန်မာစာဘာသာရပ်၊ အင်္ဂလိပ်စာဘာသာရပ်၊ သင်္ချာ ဘာသာရပ်၊ ဓာတုဗေဒဘာသာရပ်၊ ရူပဗေဒဘာသာရပ်၊ ဇီဝဗေဒဘာသာရပ်၊ ပထဝီဘာသာရပ်၊ သမိုင်း ဘာသာရပ်၊ ဘောဂဗေဒဘာသာရပ်၊ စာရိတ္တနှင့် ကာယပညာ ဘာသာရပ်များသင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ်တွင် မူလတန်းကျောင်း-ခွဲ(၁)၊ မူလတန်းကျောင်း(၁၂၉)၊ မူလတန်းလွန်ကျောင်း (၂၆)ကျောင်း၊ အလယ်တန်း(၈)ကျောင်း၊ အလယ်တန်းကျောင်း-ခွဲ(၂)ကျောင်း၊ အထက်တန်းကျောင်း-ခွဲ (၉)ကျောင်း၊ အထက်တန်းကျောင်း (၁၁)ကျောင်း၊ ကိုယ်ပိုင်မူလတန်းကျောင်း(၁)ကျောင်းနှင့် အထက်တန်း ကျောင်း(၃)ကျောင်း၊ ဘုန်းတော်ကြီးသင် အခြေခံပညာမူလတန်းကျောင်း (၁၁)ကျောင်း၊ မူလတန်းလွန် ကျောင်း(၆)ကျောင်းနှင့် အလယ်တန်းကျောင်း(၁)ကျောင်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

သက်မောင်(ကျောက်ဆည်)