ကျောက်ဆည် ဇူလှိုင်  ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်အတွင်းရှိ ကျေးရွာများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်တွင် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးကြပ်ကာ ဖွံ့ဖြိုးရေးလုပ်ငန်းများဆောင်ရွက်မည့် ကျေးရွာ(၃)ရွာအား Cash for Work စီမံကိန်းရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီခွဲက မြို့နယ်ကျေးလက်ဒေသ ဖွံ့တိုးတက်ရေးဦးစီးဌာန အစည်းအဝေး ခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စီမံကိန်းရန်ပုံငွေများလွှဲပြောင်းပေးအပ်ရာတွင် မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးမှူး ဒေါ်သင်းသင်းအေးက မဲခေါင်-လန်ချန်း စီမံကိန်းအကြောင်းများ ရှင်းလင်းပြောကြားခဲ့ပြီး နည်းပညာ ဦးစီးအရာရှိ ဒေါ်ဌေးရီက Cash for Work စီမံကိန်းရန်ပုံငွေများနှင့် ဆောင်ရွက်သွားမည့် ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများ အကြောင်း ရှင်းလင်းဆွေးနွေးခဲ့ကာ မဲခေါင်-လန်ချန်း အထူးရန်ပုံငွေများအား ကလေး၊ ဖိုကုန်း၊ ဉယျာဉ်ကျေးရွာ တို့အား ငွေကျပ်သိန်း(၁၀၀)စီ  လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကလေးကျေးရွာဖွံ့ဖြိုးရေးအတွက် မဲခေါင်-လန်ချန်း အထူးရန်ပုံငွေဖြင့် အရှည် (၂၃၃၀) ပေ၊ အကျယ် (၁၁)ပေ၊ ထု (၉)လက်မ ရွာတွင်းလမ်းအား ဂျင်းမြေခင်းခြင်း၊ ဖိုကုန်းကျေးရွာဖွံ့ဖြိုးရေးအတွက် အရှည် (၂၀၀၀)ပေ၊ အကျယ် (၁၂)ပေ၊ ထု (၉)လက်မရှိ ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းနှင့် အရှည် (၁၅၀၀)ပေ၊ အနက် (၁)ပေခွဲ၊ အကျယ် (၁)ပေ လမ်းဘေးရေနှုတ်မြောင်းတူးဖော်ခြင်း၊ ဉယာဉ်ကျေးရွာဖွံ့ဖြိုးရေးအတွက် အရှည် (၁၄၆၅)ပေ၊ အကျယ် (၁၀)ပေ၊ ထု (၁)ပေရှိ ရွာတွင်းလမ်း ဂျင်းမြေခင်းခြင်းနှင့် အရှည် (၈၀၀)ပေ၊ အနက်(၂)ပေ၊ အကျယ် (၅)ပေရှိ စိုက်ပျိုးရေယူမြောင်း တူးဖော်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)

mdn