ကျောက်ဆည် ၅ ဇွန်
ကျောက်ဆည်မြို့နယ်ရှိ ယာမြေများသည်ဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေသောက်သုံးရသဖြင့် စပါးသီးနှံကို အဓိထားစိုက်ပျိုးကြသော်လည်း ယာမြေများတွင် နှမ်း၊ ဝါ၊ ငှက်ပျော၊ ပဲတီစိမ်းစသည့် သီးနှံများအပြင် နှစ်ရှည်သီးနှံများလည်း စိုက်ပျိုးကြကြောင်း သိရှိရသည်။
ထိုသို့စိုက်ပျိုးရာတွင် သင်တောင်းကျေးရွာမှ ခြံပိုင်ရှင်တစ်ဦး၏ တစ်ပိုင်တစ်နိုင် ကီလိုမာလကာစိုက်ပျိုးခြင်းဖြင့် မိသားစုအပိုဝင်ရရှိကြောင်းလည်း သိရှိရသည်။
"ကျွန်မကပညာရေးဌာနမှာ တာဝန်ထမ်းဆောင်နေသူတစ်ဦးဖြစ်ပါတယ်၊ မြေအနည်ငယ်အပိုင်ရှိတော့ မိသားစုအပိုဝင်ငွေလေးရအောင် ကီလိုမာလကာပင် ၁၀၀ ကျော်ကို စိုက်ပျိုးထားတာ အခုဆို(၄)နှစ်ရှိပါပြီ၊ စိုက်ပျိုးပြီးတစ်နှစ်အတွင်း ရောင်းတန်းဝင်အသီးများကို စတင်ခူးဆွတ်လို့ရပါတယ်၊ ကျွန်မစိုက်ခြံက မဟာရွှေသိမ်တော် ဆုတောင်းပြည့်ဘုရားနဲ့နီးတော့ ဘုရားဖူးလာသည့် ပြည်သူတွေကို တစ်ဆင့်ရောင်းတဲ့ ဈေးသည်တွေက ခြံထဲအထိလာပြီး တစ်လုံးကို ၁၅၀ ကျပ်ဖြင့် လာဝယ်ကြကြောင်း" ခြံပိုင်ရှင် ဒေါ်အေးဝင်း၏ ပြောပြချက်အရ သိရှိရသည်။
မာလကာစိုက်ပျိုးရာတွင် လေဝင်လေထွက်ကောင်းပြီး အပင်များသန်စေရန်နှင့် အသီးလုံးလှစေရန်အတွက် တစ်ပင်နှင့်တစ်ပင် (၁၂)ပေခြားပြီး၊ တစ်တန်းနှင့်တစ်တန်း(၁၅)ပေခန့်ခြားပြီးစိုက်ပျိုးရကြောင်း၊ စိုက်ပျိုးပြီး တစ်နှစ်သားအတွင်း ရောင်းတန်းဝင်အသီးများ စတင်ခူးဆွတ်ရကြောင်း၊ အသီးများပိုးမဝင်အောင် စက္ကူဖြင့်အသီးတိုင်းကို လိုက်ပတ်ရပြီး ပလပ်စတစ်အိပ်များစွပ်ပေးရကြောင်း၊ အိပ်စွပ်ပြီးနှစ်လအကြာတွင် မာလကာသီးများခူးဆွတ်ရကြောင်း၊ အပင်(၁၀၀) စိုက်ပျိုးထားပါက တစ်ခါခူးလျှင် အလုံး(၃၀၀)ခန့် ခူးဆွတ်ရကြောင်း၊ ယခုအခါကိုဗစ်-၁၉ရောဂါကြောင့် မာလကာသီးတစ်လုံးလျှင် ငွေကျပ်တစ်ရာဖြင့် ရောင်းချရကြောင်းသိရှိရသည်။ ထို့ကြောင့် ကီလိုမာလကာသည် မိသားစုအပိုဝင်ငွေရသည့် သီးနှံတစ်မျိုး ဖြစ်ကြောင်းလည်း သိရှိရသည်။
သက်မောင် (ခရိုင်၊ပြန်/ဆက်)


