ကျောက်ဆည် ၁၅ ဧပြီ
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ဧပြီ(၁၅)ရက် နံနက်(၉)နာခွဲက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ လွှတ်တော် ကိုယ်စားလှယ်နှင့် ဌာနဆိုင်ရာများ ပူးပေါင်းပြီး (ကိုဗစ်-၁၉)ကူးစက်မြန်ရောဂါနှင့် ပတ်သက်၍ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးဆိုင်ရာ ဆွေးနွေးပွဲ(Talk Shaw)ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဦးရဲမင်းထွန်းက နိုင်ငံတော်အစိုးရနှင့် တိုင်းဒေသကြီး အစိုးရတို့၏ အမိန့်ညွှန်ကြားချက်များနှင့်အညီ ရောဂါကာကွယ်၊ ထိန်းချုပ်ရေးတွင် အဓိကကျသည့်လုပ်ငန်း ဖြစ်သော လူစု၊လူဝေများလုပ်ဆောင်မှုများ မရှိစေရေး၊ ပြည်သူများ လိုက်နာဆောင်ရွက်ကြရေး ကျောက်ဆည်ခရိုင် ဆေးရုံအုပ်ကြီး ဒေါက်တာဝင်းမော်က ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်၍ ဆေးရုံကြီးတွင် ဆောင်ရွက်ထားရှိသည့် ကျန်းမာရေးဝန်ထမ်းများနှင့် ဝန်ဆောင်မှု လုပ်ငန်းများအကြောင်း၊ မြို့နယ် အုပ်ချုပ်ရေးမှူးဦးကျော်လွင်က မြို့နယ်အတွင်းရှိ နေရာများအလိုက် (Facility Quarantine) (၇၄)ခုဖွင့်လှစ်ဆောင်ရွက်ထားရှိမှုများ ၊ကူညီပံ့ပိုးမှုများ ဆောင်ရွက်ပေးလျက်ရှိသည့် အနေများအကြောင်း၊ ခရိုင်ပညာသူ့ကျန်းမာရေးဦးစီးဌာနမှ ဒု-ခရိုင်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူးမှ ကျေးလက်ကျန်းများရေးဌာနများတွင် ဆောင်ရွက် လျှက်ရှိသည့် ကာကွယ်ခြင်းလုပ်ငန်းများနှင့် ပိုးသတ်ဆေး စနစ်တကျ သုံးစွဲရေး လုပ်ငန်းများအကြောင်း၊ ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်တင်တင်ထွေးက ပြည်သူများသို့ ကျန်းမာရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ပေးနေသည့် အခြေအနေများနှင့်၊ ပေါင်းစည်းမေတ္တာ ပရဟိတအသင်းဥက္ကဋ္ဌ၊ ဦးကိုကိုထွေးက ၎င်းတို့၏ အသင်းဝင်များမှ ကူညီဆောင်ရွက်ပေးလျှက်ရှိသည့် လုပ်ငန်းအခြေအနေများကို အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
ကျောက်ဆည်မြို့နယ်တွင် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်ကုသရေးနှင့် ပတ်သတ်၍ ကူးစက်လူနာမရှိ စေရေး၊ ဌာနဆိုင်ရာများ၊ လူမှုကူညီရေး အသင်းအဖွဲ့များ၊ စေတနာရှင် အလှူရှင်များ၊ ပြည်သူများ ပူးပေါင်းပြီး ကာကွယ်ရေးလုပ်ငန်းများကို နေရာအနှံ့အပြားတွင် အင်တိုက်အားတိုက်ဖြင့် ဆောက်ရွက်လျှက်ရှိကြောင်း ဆွေးနွေးခဲ့ကြောင်း သိရှိရသည်။
သက်မောင်(ကျောက်ဆည်)