ကျောက်ဆည်မြို့တွင် ကွမ်းရွက်ဈေး ပြန်လည်မြင့်တက်လာသဖြင့် ကွမ်းစိုက်တောင်သူများ အဆင်ပြေ

ကျောက်ဆည်၊  နိုဝင်ဘာ ၂၁

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့အတွင်းရှိ ကွမ်းစိုက်တောင်သူများသည် ယခုအခါ ကွမ်းရွက်ဈေးများ ပြန်လည်မြင့်တက်လာသဖြင့် အဆင်ပြေလျက်ရှိကြောင်း သံရွာကျေးရွာ ကွမ်းစိုက်တောင်သူများထံမှ သိရှိရသည်။

 

ကွမ်းရွက်ဈေးနှုန်းသည် မိုးရာသီတွင် ဈေးနှုန်းကျဆင်းသော်လည်း ယခုဆောင်းရာသီအဝင်တွင် ဈေးနှုန်းပြန်လည် မြင့်တက်လာပြီး မိုးရာသီတွင် ကွမ်းတစ်ပိဿာ (၂၃၀၀) ကျပ်မှ (၃၀၀၀) ကျပ်အတွင်း ရောင်းချခဲ့ရကာ ယခုအခါ (၃၅၀၀) ကျပ်မှ (၄၂၀၀) ကျပ်အထိ ဈေးနှုန်းပြန်လည်မြင့်လာကြောင်း သိရသည်။

 

“အရင်က ကွမ်းစိုက်တောင်သူတွေ များတယ်။ ကွမ်းစိုက်မယ်ဆို အရင်းကြီးတယ်၊ ကွမ်းခြံကောင်းရင်တော့ အမြတ်လည်းများတယ်၊ စိုက်ပြီဆိုတာနဲ့ အလုပ်လည်းများတယ်၊ နေ့တိုင်းကြည့်ပေးနေရတာ၊ ဂရုစိုက်မှုနည်းတာနဲ့ အပင်မသန်တော့ဘူး။ အထွက်နှုန်းလည်း ကျတယ်။ ကွမ်းရွက်လည်းမလှဘူး။ နှစ်ရှည်လည်း ကွမ်းရွက်ခူးမစားရတော့ဘူးပေါ့။ အရင်နှစ်က နှစ်ပတ်လည် ကွမ်းရွက်ဈေးမကောင်းတော့ ကွမ်းစိုက်သူတွေက ကွမ်းခြံကိုဂရုစိုက်မှုနည်းတော့ ကွမ်းခြံတော်တော်များ ပျက်ကုန်ကြတယ်။  ဒီနှစ် အခုလမှာတော့ ကွမ်းရွက်ဈေးက ပြန်လည်မြင့်လာတော့ ကွမ်းခြံရှိသူတွေ ပြန်လည်အဆင်ပြေလာတယ်” ဟု ငါးလုံကုန်းကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးမြင့်သောင်းက ပြောသည်။

 

ကျောက်ဆည်မြို့နယ်တွင် သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုးကျေးရွာများတွင် ကွမ်းအများဆုံး စိုက်ပျိုးကြကြောင်း မြို့နယ်လယ်ယာမြေ စီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနမှ သိရှိရသည်။

 

သက်မောင်(ကျောက်ဆည်)