ကျောက်ဆည် ၂၆ ဖေဖော်ဝါရီ

 

စိုက်ပျိုးရေးမွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာနနှင့် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း (IFC)တို့ ပူးပေါင်းကျင်းပသည့် မြန်မာ့နှမ်းကို GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်မှု မြှင့်တင်ရေး ဒုတိယအကြိမ် အလုပ်ရုံဆွေးနွေးပွဲကို ယနေ့ နံနက်ပိုင်းက  မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့ မိုးလုံလေလုံပြည်သူ့အားကစားခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

 

ဆွေးနွေးပွဲတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး၊ ဒေါက်တာ စိုးသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက (GAP)စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်ထားသည့် သီးနှံများအကြောင်းနှင့် ဈေးကွက်ရရှိပုံများအကြောင်းကို ရှင်းလင်းဆွေးနွေးသည်။

 

ထို့နောက် အပြည်ပြည်ဆိုင်ရာ ငွေကြေးကော်ပိုရေးရှင်း(IFC)မှ ဒေါက်တာအောင်ကျော်ဖြိုးက(GAP) စနစ်ဖြင့် စိုက်ပျိုးသည့်တောင်သူများအား အကူအညီပေးလျက်ရှိသည့် အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့ပြီး ဆွေးနွေးပွဲတက်လာကြသည့် တောင်သူများက စိုက်ပျိုးရေးနှင့်ပတ်သက်သည့် ခင်းကျင်းပြသထားသည့် မျိုးစေ့များပြခန်းများ၊ ဆေးအမျိုးမျိုးပြသထားသည့် ပြခန်းများနှင့် စိုက်ပျိုးရေးသုံး စက်အမျိုးမျိုးတို့အား ကြည့်ရှုလေ့လာခဲ့ကြသည်။

 

ထို့နောက်ဆွေးနွေးပွဲကို ဆက်လက်ပြုလုပ်ခဲ့ရာ မကွေးမြို့၊ မြင့်မြတ်တော်ဝင်ပွဲရုံမှ ဦးမြင့်အောင်၊ မန္တလေးတိုင်းဒေသကြီးမှ အထိန်တော်အသင်းဒုဥက္ကဋ္ဌ၊ ဦးဂျွန်နှင့်ဆီစက်လုပ်ငန်းရှင်များ အသင်းဒုဥက္ကဋ္ဌ၊ ဦးကျော်ကျော်တို့က မြန်မာ့နှမ်းအရည်အသွေးအဆင့်အတန်းများ၊ အလေးချိန်၊ ဈေးနှုန်းသတ်မှတ်ချက်နှင့် ရောင်းဝယ်ရေးအတွက် ချိတ်ဆက်ဆောင်ရွက်မှုများ အကြောင်းကိုလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးရဲမင်းသောင်းက (GAP) စနစ်ဖြင့် နှမ်းစိုက်ပျိုးမှုနှင့် မျိုးစေ့ထုတ်လုပ်ဖြန့်ဝေမှုအကြောင်းများ၊ တိုင်းဒေသကြီးအစိုးရ လမ်းညွှန်ထောက်ပံ့မှုဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ထားသည့် အစားအစာ ဘေးအန္တရာယ်ကင်းရှင်းရေး စီမံကိန်း(Food Safety Project)အကြောင်းများကိုလည်းကောင်း၊ မြို့နယ်နှမ်းစိုက်တောင်သူ အစုအဖွဲ့ခေါင်းဆောင် ဦးစိန်အောင်က အစုအဖွဲ့ ဖွဲ့စည်းခြင်းဖြင့် လုပ်ငန်းများပိုမိုအောင်မြင်သည့် အကြောင်းများကိုလည်းကောင်း၊ နှမ်းစိုက်တောင်သူ ဦးအောင်ခိုင်ဝင်းက (GAP)နှမ်းစိုက်ပျိုးပုံ ထုတ်လုပ်ပုံအဆင့်ဆင့် အကြောင်းများကိုလည်းကောင်း အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြကြောင်း သိရှိရသည်။

 

သက်မောင် (ကျောက်ဆည်)