ကျောက်ဆည် အောက်တိုဘာ ၈

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် နှစ်စဉ်ကျင်းပမြဲဖြစ်သော ဆင်အကအလှပြိုင်ပွဲနှင့် ဆင်လှူပွဲတော်အား ပြိုင်ပွဲဝင်ဆင် (၁၀)စီးနှင့် မြို့မဈေးကြီးအား လှည့်လည်ပတ်၍ ဖျော်ဖြေသောဆင် (၅၀)စီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းနှင့် ပွဲတော်ကြီး အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဆင်အကအလှပြိုင်ပွဲတွင် ဘော်ကြယ်ဆင် (၃)စီး၊ ရိုးရာဆင် (၃)စီး၊ ကလေးဆင် (၂)စီး၊ သဘာဝတီထွင်ဆန်းသစ်မှုဆင် (၂)စီး စုစုပေါင်း (၁၀)စီး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး ဖျော်ဖြေရေးဆင် (၅၀)စီးတို့မှလည်း ပွဲတော်ကြီး ပိုမိုစည်ကားရေး မြို့မဈေးကြီးအား (၃)ပတ် ပတ်၍ ကပြဖျော်ဖြေသွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဆင်အကအလှပြိုင်ပွဲကျင်းပရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ဦးအောင်ဇော်ဦးနှင့် အမှတ်ပေးဒိုင်အဖွဲ့များမှ ဆင်အကအလှအဖွဲ့များနှင့် တွေ့ဆုံပြီး ပြိုင်ပွဲဝင်ဆင်အဖွဲ့များအား ဆင်အကအလှ ပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်သွားမည့် ဆင်အက၊ ဆင်အလှ၊ သီချင်း၊ အဆို၊ အတီးပိုင်းကဏ္ဍများနှင့်အတူ ဆင်ပြိုင်ပွဲဝင်အဖွဲ့များ၏ ဝတ်စားဆင်ယင်မှုနှင့် ကိုယ်ဟန်အမူအရာများ၊ စည်းလုံးခြင်းများ၊ အချိန်လေးစားလိုက်နာမှုများအကြာင်းတို့အား အပြန်အလှန် ပွင့်လင်းမြင်သာစွာ ဆေးနွေးခဲ့ကြောင်း သိရသည်။

 

ကျောက်ဆည်မြို့နယ် ဆင်အကအလှပြိုင်ပွဲကို ယခင်နှစ်များအတိုင်း သီတင်းကျွတ်လဆန်း (၁၄)ရက်နေ့တွင် မြို့မိ၊မြိုဖများ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဆင်အကအဖွဲ့များ ပူးပေါင်း၍ ဘော်ကြယ်ဆင် ရိုးရာဆင်၊ ကလေးဆင်၊ သဘာဝတီထွင်ဆန်းသစ်မှုဆင် ပြိုင်ပွဲများနှင့်အတူ မြို့မဈေးပတ်ဆင်များနှင့်အတူ စည်းကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။

 

သက်မောင်(ကျောက်ဆည်)