ကျောက်ဆည် ၃ ဇွန်

 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့ရှိ ယာဉ်ပိုင်ရှင်နှင့် ယာဉ်မောင်းသူများအား အသိပညာပေးခြင်း အနေဖြင့် ဇွန်(၃)ရက်နံနက်(၈)နာရီက အမှတ်(၉၂)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှ တပ်ဖွဲ့စုမှူး ရဲအုပ်ကျော်စိုးလွင်နှင့် ဝန်ထမ်းများသည် မြို့လယ်လမ်းဆုံတွင် ယာဉ်အန္တရာယ် ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေစာအုပ်များ အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရှိရသည်။

 

အဆိုပါ ဥပဒေစာအုပ်တွင် အမည်နှင့်အဓိပ္ပာယ် ဖော်ပြချက်၊ ရည်ရွယ်ချက်၊ အမျိုးသားယာဉ်အန္တရာယ် လမ်းအန္တရာယ် ကင်းရှင်းရေး ကောင်စီနှင့် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ် (သို့မဟုတ်) ပြည်ထောင်စု နယ်မြေယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး ဖွဲ့စည်းခြင်းနှင့် လုပ်ငန်းတာဝန်များ၊ ဝန်ကြီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ ဦးစီးဌာန၏ လုပ်ပိုင်ခွင့်နှင့် လုပ်ငန်းတာဝန်များ၊ မော်တော်ယာဉ် မှတ်ပုံတင်ခြင်း၊ ယာဉ်မောင်းလိုင်စင်နှင့် ယာဉ်အကူ လိုင်စင်များ၊ လုပ်ငန်းလိုင်စင်၊ အယူခံဝင်ခြင်း၊ လျော်ကြေးငွေ ပေးဆောင်ခြင်း၊ စည်းကမ်းထိန်းသိမ်းခြင်းနှင့် အရေးယူခြင်း၊ ရန်ပုံငွေထူထောင်ခြင်း၊ လက်ခံရယူခြင်း၊ သုံးစွဲခြင်း၊ ထိန်းသိမ်းခြင်းနှင့် စီမံခန့်ခွဲခြင်း၊ တားမြစ်ချက်များ၊ ပြစ်ဒဏ်များ၊ အထွေထွေ စသည့် အခန်းပေါင်း(၁၅)ခန်း ပါဝင်ကြောင်း သိရှိရသည်။

 

အမှတ်(၉၂) ယာဉ်ထိန်းရဲတပ်ဖွဲ့စုအနေဖြင့် ယခုလို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ စာအုပ်များဖြန့်ဝေပေးခြင်း လုပ်ငန်းများအပြင် အခြားဌာနဆိုင်ရာများ၊ လူမှုရေး အသင်းအဖွဲ့များနှင့် ပူးပေါင်းပြီး ပြည်သူများအတွက် ယာဉ်အန္တရာယ် ကင်းရှင်းရေးအတွက် အသိပညာပေး ဆွေးနွေးမှုများ၊ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်း လုပ်ငန်းများလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။

 

သက်မောင် (ခရိုင်၊ပြန်/ဆက်)