မိတ္ထီလာ ၂၅ စက်တင်ဘာ
ကျောက်ဆည်မြို့၌ ဆင်လှူပွဲတော် ဆင်အကအလှပြိုင်ပွဲကျင်းပရေးကော်မတီ နှင့် ကျောက်ဆည် ဓါတ်ပုံအသင်းတို့ ပူးပေါင်းကြီးမှူးကျင်းပသော စတုတ္ထအကြိမ်မြောက် ဆင်လှူပွဲတော်အလှ ဖိတ်ခေါ် ဓါတ်ပုံပြိုင်ပွဲ ( ၂၀၁၉ ) ကို အောက်တိုဘာ ၁၂ သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်းသိရသည်။
အဆိုပါ ပြိုင်ပွဲဝင်ဓါတ်ပုံများကို သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တွင်ကျောက်ဆည်မြို့၌ ကျင်းပမည့် ဆင်အက အလှပြိုင်ပွဲ ဆင်ပြိုင်ပွဲကွင်းဧရိယာ ၊ အမှတ်ပေးဒိုင်ခုံများ နှင့် ဆင်ပတ်လမ်းနေရာများတွင်ဆင်အလှ အကပြိုင်ပွဲ စတင်ချိန်မှ ဆုပေးပွဲကျင်းပသည့်အချိန်ထိရိုက်ကူးနိုင်သည်။
ပြိုင်ပွဲဝင်တစ်ဦးလျှင်( ၁၀ x ၁၅ )လက်မ ရောင်စုံတစ်မျိုးတည်း အများဆုံး ၅ ပုံအထိ တင်သွင်းနိုင်ပြီး မူရင်းဓာတ်ပုံဖိုင် ၊ ပရင့်ဓာတ်ပုံဖိုင် တို့ကို ဒီဗွီဒီချပ်ဖြင့်ထည့်သွင်း၍ ပြိုင်ပွဲဓါတ်ပုံများနှင့်အတူ ပူးတွဲတင်ပြရမည်ဖြစ်သည်။
ယခင်နှစ်များကပုံများကို လက်ခံခြင်းပြုမည် မဟုတ်ဘဲ ပြိုင်ပွဲဝင်ဓါတ်ပုံများတွင် အရာဝတ္ထုများ ( ဥပမာ လူ၊တိမ် ၊ သစ်ပင်) စသည်တို့ကို ထုတ်ပယ်ခြင်း ၊ မရှိသည်များကို ထည့်သွင်းခြင်း ၊ မူလအရောင်များနှင့်ခြားနားသောအရောင်များပြောင်းလဲခြင်းကို ခွင့်မပြုဘဲ ဒရုန်းကင်မရာ ၊ ဖုန်းကင်မရာ ၊ အက်ရှင်ကင်မရာများဖြင့် ရိုက်ကူးထားသောဓါတ်ပုံများကို ယှဉ်ပြိုင်ခွင့်မပြုကြောင်း၊ ပြိုင်ပွဲဝင်ဓာတ်ပုံများကို ပြန်လည်ထုတ်ပေးမည်မဟုတ်ဘဲ စီးပွားရေးနှင့် မသက်ဆိုင်သော ဒေသအတွင်းပွဲတော်များတွင် ချိတ်ဆွဲအသုံးပြုခြင်း၊ စီးပွားရေးနှင့်မသက်ဆိုင်သော ဆင်ပွဲတော်အထိမ်းအမှတ် ဓာတ်ပုံပြပွဲများကို ပြသခြင်းများတွင် အသုံးပြုမည်ဖြစ်သည်။
ဆုရဓါတ်ပုံများသည် အသင်း၏ မူပိုင်ဖြစ်ကာ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ယှဉ်ပြိုင်မည့်သူများအနေဖြင့်ပြိုင်ပွဲဝင်ကြေး ငါးထောင်ကျပ်ပေးသွင်း၍ ပြိုင်ပွဲဝင်ခွင့်ကတ်ကို ကြိုတင်စာရင်းသွင်းပြုလုပ်ထားရမည်ဖြစ်ကြောင်း သိရသည်။
ကျောက်ဆည်ဓါတ်ပုံအသင်း ဥက္ကဋ္ဌ ဦးမြင့်သန်း ( မြင့်သန်း-ဓါတ်ပုံတိုက်)၊ အထက်မြန်မာပြည်ဓါတ်ပုံ အသင်းရုံခန်း(ရုံးချိန်အတွင်း) ၊ကိုမျိုးသက်(ခ) ကိုဆိုးပေ မန ္တလေးဓါတ်ပုံအသင်း ၊ ပြင်ဦးလွင်ဓါတ်ပုံ အသင်း(ရုံးခန်း) ၊ မြင်းခြံဓါတ်ပုံအသင်းဥက္ကဋ္ဌ နှင့် စစ်ကိုင်းဓါတ်ပုံအသင်းအတွင်းရေးမှူး တို့ ထံတွင် အောက်တိုဘာ ၁၁ နောက်ဆုံးထား၍ စာရင်းပေးပြီးပြိုင်ပွဲဝင်ခွင့်ကတ်များထုတ်ယူနိုင်သည်။ပြိုင်ပွဲဝင်ဓါတ်ပုံများကို အောက်တိုဘာ ၁၉ ရက်နေ့တွင် ဥက္ကဋ္ဌဦးမြင့်သန်း နှင့် အထက်မြန်မာပြည်ဓါတ်ပုံအသင်းရုံးခန်းတို့တွင် ပေးပို့ရမည်ဖြစ်ပြီး ပထမဆု ၅ သိန်း ၊ ဒုတိယဆု ၃ သိန်း ၊ တတိယဆု ၂ သိန်း ၊ နှစ်သိမ့်ဆု တစ်သိန်းကျပ် ၅ ဆု တို့ကို ချီးမြှင့်သွားမည်ဖြစ်ပြီး ပြိုင်ပွဲဝင်များသည် ဆုကြီး ၁ ဆု နှင့် နှစ်သိမ့် ဆု ၁ဆု သို့မဟုတ် ၂ ဆု ခံစားနိုင် စသည်ဖြင့် ဓါတ်ပုံပြိုင်ပွဲကျင်းပရေးကော်မတီက သတင်းထုတ်ပြန်ကြော်ငြာထားသည်။ ပြိုင်ပွဲနှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ကျောက်ဆည်ဓါတ်ပုံအသင်း၏Facebook စာမျက်နှာhttps://www.facebook.com/KPS-Kyaukse-Photographic-Society-1644910995787931 တွင် ဝင်ရောက်ကြည့်ရှု့လေ့လာနိုင်သည်။
ကျောက်ဆည်မြို့ဆင်အကအလှပြိုင်ပွဲကို နှစ်စဉ်သီတင်းကျွတ်လဆန်း ၁၄ ရက်နေ့တစ်ရက်တည်းသာ စည်ကားသိုက်မြိုက်စွာကျင်းပလေ့ရှိပြီး ကျောက်ဆည်ဒေသခံများသာမက ပြည်တွင်းခရီးသွားဧည့်သည်များ ၊ နိုင်ငံခြားခရီးသွားဧည့်သည်များ ဖြင့် ကြက်ပျံမကျ စည်ကားသည့် ပွဲတော်ဖြစ်ကြောင်း သိရသည်။
ချမ်းသာ ( မိတ္ထီလာ)


