မိုးညှင်း ၂၆ ဇန်နဝါရီ 

 

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် မော်ဟန်ဒေသ လွိုင်ခမ်းတောင်တောရကျောင်း၌ မဏိရတနာကျောက်စိမ်း လွမ်းစေတီအား တည်ထားကိုးကွယ်ရန် ဌာပနာထည့်သွင်းမည့် ကျောက်စိမ်းအသားကျောက်အရွယ်စုံ ပိသာချိန် ၁၂၀ဝ လှူဒါန်းခြင်းကို ဇန်နဝါရီ ၂၅ ရက် နံနက် ၉ နာရီက အဆိုပါကျောင်းတိုက်တွင် ကျင်းပသည်။

 

IMG_2019

 

စေတီတည်ထားကိုးကွယ်ရန် ဖြစ်ပေါ်လာမှုနှင့် ပတ်သက်၍ ယခင်က ယခုစေတီတော်တည်ထားကိုးကွယ်မည့် နေရာတွင် ယာဉ်မတော်တဆမှု မကြာခဏဖြစ်ပွားပြီး လူသေဆုံးမှုများ များပြားခြင်းကြောင့် အကျွတ်အလွတ်စေတီအဖြစ် တည်ထားကိုးကွယ်ရန်နှင့် ကချင်ပြည်နယ်အတွင်း ကျောက်စိမ်းကျောက်မျက်ရတနာ ထွက်ရှိသော်လည်း ကျောက်စိမ်းစေတီတော် မရှိသေးသည့်အတွက် ယခုကဲ့သို့ ကျောက်စိမ်းစေတီတော် တည်ထားကိုးကွယ်ရန်ဖြစ်ပေါ်လာကြောင်း လွိုင်ခမ်းတောင်တောရ ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဓမ္မနန္ဒက ရှင်းလင်းမိန့်ကြားခဲ့သည်။

 

အဆိုပါစေတီတော် တည်ထားကိုးကွယ်နိူင်ရန် မိုးကောင်းမြို့ နန့်ရင်းရပ်ကွက်နေ ဦးထွန်းနှင့် အလှူရှင်များက စုပေါင်းကာ ကျောက်စိမ်းအသားကျောက် ပိသာချိန် ၁၂၀ဝ ကိုလှူဒါန်းခြင်းဖြစ်ပြီး စေတီတော်အား အလျား ၈၀ ပေ၊ အနံ ၈၀ ပေနှင့် ဉာဏ်တော်အမြင့် ၈၀ ပေရှိ စေတီတော်အား တည်ထားကိုးကွယ်နိုင်ရေး ဆရာတော်ဘဒ္ဒန္တဓမ္မနန္ဒ ဦးဆောင်၍ ၂၀၁၉ ခုနှစ် ဇန်နဝါရီ ၁၃ ရက်မှ စတင်ကာ ပန္နက်တင်မင်္ဂလာကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

 

ဝင်းနိုင်(ကချင်မြေ)

 

FB_IMG_15