ခင်ဦး ၂၃ ဩဂုတ်
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ခင်ဦးမြို့နယ်၌ ကောက်စိုက်ရာမှပြန်လာသည့် ကောက်စိုက်သမ အမျိုးသမီး ၃၀ တင်ဆောင်လာသော ယာဉ်တစ်စီးတိမ်းမှောက်ရာ ၁ ဦးသေဆုံးပြီး ၂၇ ဦး ဒဏ်ရာရရှိကြောင်း မြို့မရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ ဩဂုတ် ၂၂ ရက် မွန်းလွဲ ၃ နာရီခန့်က ခင်ဦးမြို့နယ် ဂွေးကုန်းကျေးရွာအနီးတွင် ယာဉ်တစ်စီးတိမ်းမှောက်နေကြောင်း သတင်းအရ မြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူးဇော်ဆွေ၊ ဒုရဲအုပ် ဇော်မျိုးဦး၊ နယ်ထိန်းခေါင်းဆောင် ဒုရဲအုပ်ကျော်လင်းဖြိုးနှင့် တပ်ဖွဲ့ဝင်များသည် သက်သေများနှင့်အတူ အခင်းဖြစ်နေရာသို့ သွားရောက်စစ်ဆေးရာ ယာဉ်အမှတ် ၉ဌ/----- တုံဖုန်းအပြာရောင်ကား မောင်းနှင်သော ဇာနည် (၃၂)နှစ် သာဝတ္ထိကျေးရွာ ခင်ဦးမြို့နယ်နေသူသည် ဂွေးကုန်းကျေးရွာမှ ကောက်စိုက်ပြီးပြန်လာသော အမျိုးသမီး ၃၀ အား တင်ဆောင်၍ သာဝတ္ထိကျေးရွာသို့ မောင်းနှင်လာရာ ခင်ဦးမြို့နယ် ဂွေးကုန်းကျေးရွာရှေ့ ခင်ဦး-ရေဦးကားလမ်း မိုင်တိုင်အမှတ် (၉/၅) အနီးအရောက်တွင် အရှိန်မထိန်းနိုင်ဘဲ လမ်းဝဲဘက်ခြမ်းသို့ ထိုးကျတိမ်းမှောက်သွားခဲ့ကြောင်း၊ မမြတင်ဇာလွင် (၂၀)နှစ် သာဝတ္ထိကျေးရွာ၊ ခင်ဦးမြို့နယ်နေသူမှာ အခင်းဖြစ်နေရာ၌ သေဆုံးပြီး ကျန် ၂၇ ဦးတွင် ဒဏ်ရာများ အသီးသီးရရှိသဖြင့် မြို့နယ်ကြက်ခြေနီ၊ လူမှုကူညီမှုအသင်းကားများဖြင့် ခင်ဦးပြည်သူ့ဆေးရုံမှ ရွှေဘိုပြည်သူ့ဆေးရုံနှင့် မန္တလေးပြည်သူ့ဆေးရုံတို့သို့ ပို့ဆောင်၍ အတွင်းလူနာအဖြစ် ကုသလျက်ရှိကြောင်း သိရသည်။
ဖြစ်စဉ်နှင့်ပတ်သက်၍ ယာဉ်အား ပေါ့လျော့စွာ မောင်းနှင်သော ဇာနည်အား ခင်ဦးမြို့မရဲစခန်းမှ အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သိရသည်။
ချစ်စံ(ခင်ဦး)