သိပ္ပံစာရေးဆရာကိုကိုအောင်
သတ္တုဗေဒ
ကမ္ဘာ့ရှေးအကျဆုံးသော လူသားတို့ ဖြတ်သန်းခဲ့ကြရသည့် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် တို့မှသည် မျက်မှောက်ကာလ အီလက်ထရွန်နစ်ခေတ်၏ လူနေမှုအဆင့်အထိ တိုးတက်မြင့်မားလာရအောင် အတတ်ပညာတစ်ခုက လူမသိသူမသိဖြင့် နောက်ကွယ်မှနေ၍ ပံ့ပိုးပေးခဲ့သည်။ ထိုအတတ်ပညာ သည်ကား သတ္တုဗေဒ ဟု ခေါ်ဆိုသော Metallurgy ပညာရပ်ပင် ဖြစ်သည်။
ရုပ်ဂုဏ်သတ္တိနှင့် ဓာတ်ဂုဏ်သတ္တိတို့ ကွဲပြားခြားနားသော သတ္တုမျိုးစုံ တို့၏အကြောင်းကို ခရေစေ့တွင်းကျ လေ့လာပေါင်းစပ်သည့် အဆိုပါပညာ ရပ်သည် ခေတ်မီ လူ့အသုံးအဆောင်ပစ္စည်းများနှင့် စက်ယန္တရားများစွာတို့ကို တီထွင်ထုတ်လုပ် အသုံးချနိုင်စေခဲ့သည်။
အေဒီ ၅၀၀ မှ ၁၄၅၀ ပြည့်နှစ်အတွင်းက ရှေးခေတ် ဥရောပတိုက်သား များနှင့် တရုတ်လူမျိုးများသည် မြေကြီးအတွင်းမှ တူးဖော်ရရှိသော သတ္တု အရောအနှောများကို ပြင်းထန်သည့်အပူပေးကာ သန့်စင်ထုတ်လုပ်ခဲ့ကြ ခြင်းဖြင့် သတ္တုတူးဖော်သန့်စင်သည့် လုပ်ငန်းများမှာ အလွန်တွင်ကျယ်ခဲ့သည်။
ပြင်သစ်နိုင်ငံ ဒိုမိန်းတက္ကသိုလ်မှ သိပ္ပံပညာရှင်များသည် ကမ္ဘာ့မြောက်ပိုင်း ဂရင်းလန်တွင် တွေ့ရှိရသော ရေခဲအပိုင်းအစကလေးများကို သုတေသနပြုရာမှ ယင်းတို့၏သက်တမ်းသည် အနည်းဆုံးအားဖြင့် နှစ်ပေါင်း ၇၀၀၀ ကျော် ရှိနေပြီး အဆိုပါ ရေခဲအပိုင်းအစလေးများထဲ၌ ကြေးဝါသတ္တုအမှုန်ကလေးများ ပါဝင်နေကြောင်း တွေ့ရှိခဲ့ကြရသည်။ သတ္တုမှုန်များသည် ရေခဲအပိုင်းအစ များထဲ၌ လွန်ခဲ့သော နှစ်ပေါင်း ၂၅၀၀ ကတည်းကပင် ပါဝင်ဖွဲ့စည်းနေခဲ့ကြောင်း လေ့လာတွေ့ရှိရသဖြင့် သတ္တုတူးဖော်သန့်စင်ခြင်းလုပ်ငန်း ထွန်းကားခဲ့သော ကာလမှာ မည်မျှကြာမြင့်ခဲ့ပြီကို ခန့်မှန်းသိရှိနိုင်သည်။
သတ္တုအရောအနှောများကို အဆင့်မြင့်နည်းပညာဖြင့် သန့်စင်ထုတ်လုပ် နိုင်ခြင်းမရှိသေးမီကာလများက အလွန်ခေတ်စားခဲ့သော သတ္တုတူးဖော်သည့် စီးပွားရေးလုပ်ငန်းသည် ကမ္ဘာ့စက်မှုဖွံ့ဖြိုးတိုးတက်ရေးကို ထိုစဉ်ကတည်း ကပင် ကျောထောက်နောက်ခံပြုခဲ့သည်။ တူးဖော်ရရှိသော သတ္တုမျိုးစုံဖြင့် မော်တာ၊ ရေပန့်၊ အင်ဂျင်၊ ယာဉ်၊ ယန္တရား၊ လေယာဉ်၊ သင်္ဘောစသည်တို့ကို တီထွင်ထုတ်လုပ်နိုင်ခဲ့ကြသည်။
သတ္တုစပ်နည်းပညာ
ယနေ့ခေတ်ကာလတွင်မူ သတ္တုအမျိုးအစားများစွာကို ခွဲခြမ်းစိတ်ဖြာပြီး မတူကွဲပြားသည့် မူလပင်ရင်း ဂုဏ်သတ္တိအချင်းချင်း ပေါင်းစပ်ဖန်တီးပေးလိုက် ခြင်းကြောင့် အရည်အသွေးမြင့်မားသော သတ္တုစပ်ဖြင့် ပြုလုပ်အပ်သည့် စက်မှုလုပ်ငန်းသုံးနှင့် လူသုံးပစ္စည်းများစွာတို့သည် လူမှုပတ်ဝန်းကျင်၌ လက်ညှိုးထိုး၍ မလွဲအောင်ပင် ရှိနေကြပြီဖြစ်သည်။
လက်ပတ်နာရီမှသည် မော်တော်ကား သတ္တုစပ်ခွေများအထိ၊ ဇွန်း၊ ခက်ရင်းမှသည် မြေတူးမြေကော်စက်ကြီးများအထိ၊ ကလေးကစားစရာမှသည် လေယာဉ်ပျံကြီးများအထိ၊ မိုက္ကရိုချစ်ပ် အပြားကလေးမှသည် ပင်လယ်ကူး သင်္ဘောကြီးများအထိ ထုတ်လုပ်မှုအားလုံးတွင် သတ္တုစပ်ပညာရပ်မှာ မပါလျှင် မပြီးနိုင်တော့ပြီဖြစ်သည်။
တူးဖော်ရရှိသော သတ္တုမျိုးစုံတို့အနက် ရာခိုင်နှုန်းအများစုကို ထုတ်လုပ်မှု လုပ်ငန်းများတွင် အသုံးပြုလျက်ရှိနေကြသော်လည်း အချို့သောသတ္တုတို့မှာမူ အသုံးဝင်မှုထက် ဘေးဥပဒ်ဖြစ်စေမှုက ပိုမိုများပြားသည့်အတွက် ကုန်ပစ္စည်း ထုတ်လုပ်ရာတွင် ထည့်သွင်း၍သော်လည်းကောင်း၊ ရောစပ်၍သော်လည်း ကောင်း သုံးစွဲခြင်းမပြုရန် တားမြစ်ခံထားရသည်။
ကူးသန်းသွားလာရေးနှင့် သယ်ယူပို့ဆောင်ရေးတို့အတွက် ကမ္ဘာတစ်ဝန်း မောင်းနှင်အသုံးပြုနေကြသည့် မော်တော်ကားစက်ပစ္စည်းများ ထုတ်လုပ်ရာ၌ လည်း သတ္တုစပ်ပညာရပ်ကို အစွမ်းကုန် အသုံးချထားသည်ကို တွေ့ရှိနိုင်သည်။ အင်ဂျင်အတွင်းရှိ စက်ပစ္စည်းအချင်းချင်း အကြိမ်ရေပမာဏ သန်းနှင့်ချီသော ပွတ်တိုက်မှုကြောင့် ဖြစ်ပေါ်လာသည့် ပွန်းစားမှုနှင့် အပူလွန်ကဲမှုတို့ကို ခံနိုင် ရည်ရှိအောင် သတ္တုစပ်ပညာဖြင့် ကြိုတင်တွက်ချက်ကာ သတ္တုအမျိုးမျိုးတို့ကို ရောစပ်ပုံလောင်းပေးခဲ့ကြသည်။
ကျောက်ဂွမ်း ခေါ် မီးခံမှုန့်
ထိုကဲ့သို့ သတ္တုစပ်ပုံလောင်းပညာဖြင့် ကားအစိတ်အပိုင်းများကို ထုတ် လုပ်ရာတွင် တွင်းထွက် သယံဇာတတစ်မျိုးဖြစ်သော Asbestos ခေါ် ကျောက် ဂွမ်းသည် ပုံလောင်းရာ၌ လွယ်ကူချောမွေ့သော ဂုဏ်သတ္တိနှင့် ပြည့်စုံသည်ကို တွေ့ရှိခဲ့ကြသည်။ ကျောက်ဂွမ်းကို အများက မီးခံမှုန့်ဟုလည်း ခေါ်ဝေါ်ကြ သည်။ ၁၉ ရာစုနှောင်းပိုင်းကာလမှစ၍ ကျောက်ဂွမ်း၏ ထူးခြားသော ဂုဏ်သတ္တိများကို ကောင်းစွာအသုံးချခဲ့ကြသည်။
ပြင်းထန်သောအပူဒဏ်ကို ခံနိုင်ရည်ရှိခြင်း၊ ဆန့်ထွက်နိုင်အားကောင်းမွန်ခြင်း၊ လျှပ်စစ်ဓာတ် ဖြတ်သန်းစီးဆင်းမှု မပြုနိုင်ခြင်းစသည့် အရည်အသွေး များကြောင့် အဆောက်အအုံများတွင် အမိုးနှင့်မျက်နှာကြက်အကြား ကြားခံ အပူကာပစ္စည်းအဖြစ်လည်းကောင်း၊ အမိုးကျောက်ပြားနှင့် မျက်နှာကြက် ကျောက်ပြားများအဖြစ်လည်းကောင်း၊ ရေပူ ရေအေး ပိုက်လိုင်းများ၏ အပူကာပစ္စည်းအဖြစ်လည်းကောင်း၊ လေအေးစက်ပိုက်လိုင်း အပူကာပစ္စည်း အဖြစ်လည်းကောင်း၊ လျှစ်စစ်ကေဘယ်လ်ကြိုး၏ လျှပ်ကာပစ္စည်းအဖြစ် လည်းကောင်း၊ ရုပ်ရှင်ပြစက်များ၏ ကာဗွန်ချောင်းကိုမီးရှို့ရာတွင် အပူကာ/လျှပ်ကာကြိုးအဖြစ်လည်းကောင်း ကျယ်ပြန့်စွာ သုံးစွဲခဲ့ကြသည်။
ကျောက်ဂွမ်း၏စွမ်းရည်ကို မီးငြှိမ်းသတ်ရာတွင်လည်း ထိရောက်စွာ အသုံးချခဲ့ကြသည်။ တောမီးကဲ့သို့သော ရက်ရှည်ငြှိမ်းသတ်ရသည့် မီးလောင်မှု မျိုးတွင် မီးသတ်သမားများကို ကျောက်ဂွမ်းဝတ်စုံ ဝတ်ဆင်ပေးထားခြင်းဖြင့် ပတ်လည် မီးလောင်ကျွမ်းနေသည့်ကြားမှာပင် မီးသတ်သမားများသည် မီးကို ထိထိရောက်ရောက် ငြှိမ်းသတ်နိုင်ခဲ့ကြသည်။
ကျောက်ဂွမ်း၏ဆိုးကျိုး
သို့ရာတွင် ကျောက်ဂွမ်း ခေါ် မီးခံမှုန့်များသည် အသက်ရှူလမ်းကြောင်း အတွင်းသို့ ရောက်ရှိသွားသည့်အခါ အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများနှင့် အဆုတ်ကို ပြင်းထန်စွာဒုက္ခပေးပြီး အဆုတ်၏လုပ်ဆောင်ချက်များကို ကမောက်ကမ ဖြစ်စေရုံမျှမက အဆုတ် ကင်ဆာအထိပင် ဖြစ်ပွားစေကြောင်း၊ ကျောက်ဂွမ်းမှုန့်များ အဆုတ်အတွင်းသို့ ရောက်ရှိနေသည်ကို နှစ် ၂၀ ခန့်ကြာမှသာ သိရှိနိုင်ကြောင်းနှင့် အဆုတ် အတွင်းရှိ ကျောက်ဂွမ်းမှုန့်ကို လုံး၀ဖယ်ရှားပစ်နိုင်ရန် ဆယ်စုနှစ်နှင့်ချီ၍ ကြာမြင့်နိုင်ကြောင်း စသည်တို့ကို သုတေသနပြု တွေ့ရှိလာခဲ့ကြသည်။
ကျောက်ဂွမ်းဝတ်စုံဖြင့် မီးငြှိမ်းသတ်ခဲ့ကြသော မီးသတ်သမားများသည် လည်း ထိုရောဂါလက္ခဏာများဖြင့်ပင် စောစီးစွာ ကြွေလွင့်ခဲ့ကြရသဖြင့် ကျောက်ဂွမ်းအသုံးပြုမှုကို နိုင်ငံများအလိုက်သော်လည်းကောင်း၊ အဖွဲ့အစည်း များအလိုက်သော်လည်းကောင်း တားမြစ်ကန့်သတ်ခဲ့ကြသည်။
ထိုကဲ့သို့ ကောင်းကျိုးထက် ဆိုးကျိုးကို ကြီးမားစွာဖြစ်ပေါ်စေသော Asbestos ဓာတ်သတ္တုများကို မော်တော်ကားအစိတ်အပိုင်းများ ပုံလောင်းရာ၌ လည်းကောင်း၊ အင်ဂျင်အတွင်းပိုင်းပစ္စည်းများ ထုတ်လုပ်ရာ၌လည်းကောင်း၊ အခြားအစိတ်အပိုင်းများ ထုတ်လုပ်ရာ၌လည်းကောင်း၊ ထည့်သွင်းသုံးစွဲခြင်း လုံးဝမပြုရန် စက်မှုဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံပေါင်း ၅၀ ကျော်တွင် တားမြစ် ပိတ်ပင်ထားလျက်ရှိသည်။
အကယ်၍ မော်တော်ကားအင်ဂျင်အပါအဝင် ကားအစိတ်အပိုင်းများ၌ Asbestos များကို ထည့်သွင်းပြုလုပ်ထားမည်ဆိုပါက အဆိုပါ ဓာတ်သတ္တု အမှုန်များသည် အင်ဂျင်တုန်ခါမှုကြောင့်လည်းကောင်း၊ ကားတုန်ခါမှုကြောင့် လည်းကောင်း၊ အင်ဂျင်အတွင်းရှိ အစိတ်အပိုင်းများအချင်းချင်း ပွတ်တိုက်မှု ကြောင့် လည်းကောင်း၊ လေထုထဲသို့ ပျံ့နှံ့ရောက်ရှိသွားကာ ကားမောင်းနေသူ၊ ကားပေါ်စီးနင်းလိုက်ပါသူနှင့် အခိုးအငွေ့ အမှုန်အမွှားများကို ရှူရှိုက်မိသူ အားလုံးတို့မှာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကြီးမားသောပြဿနာများနှင့် ရင်ဆိုင်ရဖွယ်ရှိကြောင်း ဆေးသိပ္ပံပညာရှင်များက သတိပေးထားကြသည်။
ကျောက်ဂွမ်းအသုံးပြုမှုများ
Asbestos ခေါ် ကျောက်ဂွမ်း ခေါ် မီးခံမှုန့်များကို ထည့်သွင်းပြုလုပ်ထား လေ့ရှိသော ထုတ်ကုန်ပစ္စည်းများကို အိမ်ဆောက်ပစ္စည်း ရောင်းဝယ်ဖောက် ကားမှု ဈေးကွက်၌လည်းကောင်း၊ လျှပ်စစ်ပစ္စည်းဈေးကွက်၌လည်းကောင်း၊ မော်တော်ကားပစ္စည်း ဈေးကွက်၌လည်းကောင်း အများအပြား တွေ့ရှိနိုင် သည်။
အိမ်ဆောက်ပစ္စည်းဈေးကွက်တွင် ရောင်းဝယ်ဖောက်ကားနေကြသော ကုန်ပစ္စည်းများအနက် အချို့သော အမိုးကျောက်ပြားများ၊ မျက်နှာကြက် ကျောက်ပြားများနှင့် အပူကာပြားများသည် ကျောက်ဂွမ်းကို ထည့်သွင်းပြုလုပ် ထားသော ပစ္စည်းများဖြစ်ကြသည်။ ထိုကဲ့သို့ ကျောက်ဂွမ်းဖြင့်ပြုလုပ်ထားသည့် အိမ်ဆောက်ပစ္စည်းများအနက် မျက်နှာကြက်ကျောက်ပြားများသည် အိမ် အတွင်း၌နေထိုင်သူ မိသားစုများအတွက် ကျန်းမာရေးအရ ဆိုးကျိုးများကို ဖြစ်ပေါ်လာစေနိုင်သည်။
အကြောင်းအမျိုးမျိုးကြောင့် မျက်နှာကြက်ကျောက်ပြားများမှ အမှုန် အမွှားများ ကျရောက်လာသည့်အခါ ကျောက်ဂွမ်းမှုန့်များ ရောနှောပါရှိ လာတတ်ပြီး အိမ်အတွင်းနေထိုင်သူတို့၏ အသက်ရှူလမ်းကြောင်းအတွင်းသို့ ရောက်ရှိသွားကာ အသက်ရှူလမ်းကြောင်းတစ်လျှောက်ရှိ ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများနှင့် အဆုတ်ကို ဒုက္ခပေးလာနိုင်သည်ကို သတိပြုသင့်ကြ သည်။ ထို့အတူပင် အမိုးကျောက်ပြားများမှ လွင့်စဉ်လာသော အမှုန်အမွှား များထဲတွင် ကျောက်ဂွမ်းမှုန့်များ ရောနှောပါရှိလာမည် ဆိုပါကလည်း အဆောက်အအုံပြင်ပရှိလူများနှင့် ပတ်ဝန်းကျင်ရှိလူများ၏ အသက်ရှူလမ်း ကြောင်းဆိုင်ရာ ကိုယ်တွင်းအင်္ဂါများကို ဆိုးကျိုးဖြစ်လာစေနိုင်သည်။
အလားတူ လျှပ်စစ်ပစ္စည်းဈေးကွက်၌ ရောင်းဝယ်ဖောက်ကားနေကြသော လျှစ်စစ်ကေဘယ်လ်ကြိုးများအနက် အချို့သောကြိုးများကို ကျောက်ဂွမ်းမှုန့် များ ထည့်သွင်း၍ ထုတ်လုပ်ထားကြသည်ဖြစ်ရာ အဆိုပါ ကေဘယ်လ်ကြိုး များကို ဖြတ်တောက်ခွဲစိတ်သည့်အခါမျိုးနှင့် သက်တမ်းကုန်ဆုံး၍ ဆွေးမြည့် ပျက်စီးလာသည့်အခါတွင် ပတ်ဝန်းကျင်ရှိလူတို့၏ အသက်ရှူလမ်းကြောင်း အတွင်းသို့ ကျောက်ဂွမ်းမှုန့်များ ရောက်ရှိသွားကာ ကျန်းမာရေးဆိုင်ရာ ဆိုးကျိုးများကို ဖြစ်ပေါ်လာစေနိုင်သည်။
မော်တော်ကားပစ္စည်းများထဲ၌လည်း ကျောက်ဂွမ်းမှုန့်များကို ထည့်သွင်း ပြုလုပ်ထားသောပစ္စည်းများ ရောနှောပါဝင်နေလျက်ရှိသည်။ မော်တော်ကား ပစ္စည်းများအနက် အချို့သော ဘရိတ်လိုင်နာများ၊ ကလပ်ရှ်လိုင်နာများ၊ အိတ်ဇောပိုက်အချင်းချင်း ထိစပ်တင်းကျပ်ရာတွင် သုံးစွဲသော ကြားခံအပြား များ၊ အိတ်ဇောမန်နီဖိုးနှင့် အင်ဂျင်ကို ထိစပ်တင်းကျပ်သည့် ကြားခံအပြားများ၊ အင်ဂျင်ဘလောက်နှင့် အင်ဂျင်ဟက်တို့ကို ထိစပ်တင်းကျပ်ရာတွင် အသုံးပြု သော ဂက်စကက်ပြားများ စသည်တို့တွင် ကျောက်ဂွမ်းမှုန့်များ ပါဝင်နေလေ့ ရှိသည်။ အထူးသဖြင့် ဈေးနှုန်းသက်သာသော ပစ္စည်းများမှာ ကျောက်ဂွမ်းမှုန့် များကို ထည့်သွင်းပြုလုပ်ထားသောပစ္စည်းများ ဖြစ်နေတတ်သည်ကို သတိပြု သင့်ကြသည်။
အကယ်၍ အဆိုပါပစ္စည်းများကို မော်တော်ကား၌ အသုံးပြုမိမည်ဆိုပါက ဘရိတ်နင်းသည့်အခါတိုင်း၊ ကလပ်ရှ်နင်းသည့်အခါတိုင်း၊ အင်ဂျင်တုန်ခါ သည့်အခါတိုင်း၊ မော်တော်ကားတုန်ခါသည့်အခါတိုင်း ကျောက်ဂွမ်းမှုန့်များ ပတ်ဝန်းကျင်သို့ ပျံ့နှံ့ရောက်ရှိကာ အနီးပတ်ဝန်းကျင်၌ ရှိနေသူများအား ဆိုးရွားသော ကျန်းမာရေးပြဿနာများနှင့် ကြုံတွေ့လာရစေနိုင်သည်။
ဖွံ့ဖြိုးပြီးနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများတွင် ကျောက်ဂွမ်းမှုန့်များကို စက်ပစ္စည်း များ၌လည်းကောင်း၊ အိမ်ဆောက်ပစ္စည်းများ၌လည်းကောင်း၊ မော်တော်ကားအစိတ်အပိုင်းများ၌လည်းကောင်း ထည့်သွင်းပြုလုပ်ထားကြောင်း စစ်ဆေးတွေ့ရှိရပါက အဆိုပါစက်ပစ္စည်း၊ အိမ်ဆောက်ပစ္စည်းများနှင့် မော်တော်ကားများကို မူလထုတ်လုပ်သည့်နိုင်ငံများသို့ ပြန်လည်ပေးပို့ခြင်းမျိုး ပြုလုပ်နေကြသလို အကယ်၍ ပြည်တွင်းထုတ်ကုန်များ၌ ကျောက်ဂွမ်း ပါဝင်နေကြောင်း စစ်ဆေးတွေ့ရှိရပါကလည်း ထုတ်လုပ်မှုကိုရပ်ဆိုင်းစေခြင်း၊ သတ်မှတ် စည်းမျဉ်းစည်းကမ်းအရ အရေးယူဆောင်ရွက်ခြင်းမျိုးကိုပါ ပြုလုပ် လျက်ရှိနေကြသည်။
အချုပ်ဆိုရသော် စက်ပစ္စည်းများ၊ အိမ်ဆောက်ပစ္စည်းများနှင့် မော်တော် ကားအစိတ်အပိုင်းများ စသည်တို့ကို ထုတ်လုပ်ရာတွင် Asbestos ခေါ် ကျောက်ဂွမ်း ခေါ် မီးခံမှုန့်များ ပါဝင်မှု လုံးဝမရှိစေရေးသည် လူမှုပတ်ဝန်းကျင် တစ်ခုလုံးနှင့် လူသားမျိုးနွယ်တစ်ရပ်လုံးအတွက်ပါ အလွန်အရေးကြီးသော ကိစ္စတစ်ခုပင် ဖြစ်ပေတော့သည်။ ။