အင်တော ဩဂုတ် ၂၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင်၊ အင်တောမြို့ ကျောက်ဂူကျေးရွာအုပ်စု ထမင်းပေါင်း၊ ကျောက်မီးခတ်နှင့် ပုန်းအင်းကျေးရွာများရှိ စိုက်ခင်းများတွင် ဖျက်အားပြင်း ငမြှောင်တောင် ပိုးကျရောက်နေမှုအခြေအနေကို ကွင်းဆင်း စစ်ဆေးခြင်းနှင့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးခြင်းတို့ကို ဩဂုတ် ၂၆ ရက်က အဆိုပါကျေးရွာသို့ ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ကိုဗစ်-၁၉ရောဂါ စည်းကမ်းများနှင့်အညီ ပုန်းအင်းကျေးရွာရှိ ဘုန်းကြီးကျောင်း၌ အသိပညာပေးဆွေးနွေးရာ အင်တောမြို့ မြို့အုပ်ချုပ်ရေးမှူး ဦးစိုင်းကွမ်းခေးက အမှာစကား ပြောကြားပြီး စိုက်ပျိုးရေးဦးစီးဌာန မြို့ဦးစီးမှူး ဦးကျော်ကျေော်က ငမြှောင်တောင် ကျရောက်လာမှု အခြေအနေနှင့် ပျံနှံ့မှုမြန်ဆန်ပုံ၊ ငမြှောင်တောင်ပိုး ဘက်စုံနည်းပညာဖြင့် ကာကွယ်နှိမ်နင်းနည်းများ၊ ပိုသတ်ဆေး စနစ်တကျကိုင်တွယ်သုံးစွဲနည်းများ၊ စုပေါင်း ကာကွယ်ရေး နှိမ်နင်းနည်းလမ်းများ၊ လူထုအသွင်ဖြင့် စုပေါင်းကာကွယ်နှိမ်နင်းရန် လိုအပ်မှု၊ အသုံးပြုသင့်သည့် ပိုးသတ်ဆေးများ၊ ပိုးဥနှင့် လောက်ကောင်ငယ်အဆင့်တွင် နှိမ်နင်းပါက ပိုမိုထိရောက်မည်ဖြစ်ကြောင်းကို ဆွေးနွေး ပြောကြားပြီး တောင်သူများအား ငမြှောင်တောင် ကာကွယ်နှိမ်နင်းနည်း၊ သဘာဝပိုးသတ်ဆေး ပြုလုပ်နည်း လက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့နောက် မြို့အုပ်ချုပ်ရေးမှူး၊ စိုက်ပျိုးရေးဦးစီးဌာန ဦးစီးမှူးနှင့် လယ်ယာမြေစီမံ ခန့်ခွဲရေးနှင့် စာရင်းအင်း ဦးစီးဌာန ဦးစီးမှူး၊ သက်ဆိုင်ရာ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး၊ တောင်သူများနှင့် ပူးပေါင်းကာ ဖျက်အားပြင်း(ငမြှောင်တောင်၊ ဖော ငမြှောင်တောင်) ကျရောက်သည့် အစေ့ထုတ်ပြောင်း စိုက်ခင်းများသို့ ကွင်းဆင်းစစ်ဆေးပြီး ငမြှောင်တောင် ပိုးကျရောက်မှုကြောင့် ထိခိုက်ပျက်စီးသည့် ပြောင်း၊ ယာစပါးစိုက်ခင်းများကို ကင်းထောက်မှတ်တမ်း ကောက်ယူခဲ့ ကြောင်း သိရသည်။

ကျောက်ဂူကျေးရွာအုပ်စုတွင် အစေ့ထုတ်ပြောင်းစိုက်ဧက သုံးသောင်းခန့်ရှိသော်လည်း ငမြှောင်တောင်ပိုး ကျရောက်သဖြင့် ထမင်းပေါင်း၊ ကျောက်မီးခတ်နှင့် ပုန်းအင်းကျေးရွာများ့ရှိ အစေ့ထုတ်ပြောင်း စိုက်ခင်း ၁၄ ဧကနှင့် ယာစပါး ၂ ဧကတို့ ပျက်စီးဆုံးရှုံးခဲ့ပြီး ဧက ၃၄၃ ဒသမ ၅၀ ခန့် ထိခိုက်ခဲ့ကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အောင်ခိုင်(အင်တော)