ပေါက် ၁၄ ဇန်နဝါရီ
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျောက္ကာကျေးရွာအုပ်စု ကျောက္ကာကျေးရွာတွင် ကျေးလက်နေပြည်သူများ သောက်သုံးရေဖူလုံစွာ ရရှိစေရန် ရယ်ရွယ်၍ အိမ်တိုင်ရာရောက်ရေပိုက်လိုင်း သွယ်တန်းဆောင်ရွက်ပေးနိုင်ရေး Level Survey တိုင်းတာခြင်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများ ကွင်းဆင်းတိုင်းတာခဲ့ကြောင်း သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာ တိုင်းဒေသကြီးလူထုဗဟိုပြုစီမံကိန်း အခြေခံအဆောက်အဦတာဝန်ခံ ဦးကျော်သာဖြူ၊ ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း နည်းပညာအကြံပေးအဖွဲ့မှ ကျားမရေးရာတာဝန်ခံ ဦးမျိုးဝင်းထွန်းနှင့် ဝန်ထမ်းများ၊ ကျေးရွာရေရရှိရေး ကော်မတီများသည် ကျောက္ကာကျေးရွာ အိမ်တိုင်ရာရောက် ရေရရှိရေးဆောင်ရွက်ပေးနိုင်ရေး သွယ်ယူရမည့် ရေပိုက်လိုင်းပေအရှည်၊ ရေစုကန်တည်ဆောက်ရမည့် မြေပြင်အခြေအနေ အနိမ့်အမြင့်များကို Level Survey တိုင်းတာမှုများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါကျေးရွာ အိမ်တိုင်ရာရောက်ရေရရှိရေး ရေပိုက်လိုင်းပေ(၉၉၀၀)သွယ်တန်းခြင်းလုပ်ငန်းကို ပေါက်မြို့နယ် လူထုဗဟိုပြုစီမံကိန်း စတုတ္ထနှစ်စက်ဝန်းထောက်ပံ့ရန်ပုံငွေကျပ်သိန်း(၁၀၀)ဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ပြီး ဆောင်ရွက်ပြီးစီးပါက အဆိုပါ ကျေးရွာရှိ အိမ်ခြေ(၃၂၂)အိမ်၊ လူဦးရေ (၁၅၉၁)ဦးနှင့် ကျွဲ၊ နွား တိရစ္ဆာန်များအတွက် သောက်သုံးရေဖူလုံစွာရရှိရေး အကျိုးပြုမည်ဖြစ်ကြောင်း သိရသည်။
စိုးမိုးကျော်