ကျောက်ကြီး၊ ၁၉ ဇန်နဝါရီ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေစဉ်ကာလအတွင်း ဂန္ဓမာပန်းစိုက်ပျိုးတောင်သူများ မိသားစုစားဝတ်နေရေးအဆင်ပြေကြောင်း အဆိုပါ ပန်းစိုက်ပျိုး တောင် သူများထံမှ သိရသည်။
ကျောက်ကြီးမြို့နယ်၌ စိုက်ပျိုးသော ဂန္ဓမာပန်းသည် ခိုင်ရွှေဝါ ဂန္ဓမာပန်းပင်မျိုးဖြစ်ပြီး မေမြို့မှ မှာဝယ် ယူရကြောင်း၊ ပန်းပျိုးပင်တစ်ပင်အား တစ်ဆယ့်နှစ်ကျပ် ပေးရပြီး လက်ရှိ ဒသမ ၁၀ ဧကအား ပန်းပျိုးပင် တစ်သောင်းကို ပျိုးပေါင်ပြုလုပ်စိုက်ပျိုးထားရကာ စိုက်ပျိုးထားသောပျိုးပင်များအား ပေါင်းနုတ်ခြင်း၊ မြေသြဇာကျွေးခြင်း၊ ရေပေးခြင်းများ သုံးလကျော်ပြုလုပ်ပြီးမှ ရောင်းတန်းဝင် ဂန္ဓမာ ပန်းကို ရရှိကြောင်း၊ ကျောက်ကြီးမြို့နှင့် အနီပတ်ဝန်းကျင်ကျေးရွာများသို့ လှည့်လည် ရောင်းချခြင်းများ ပြုလုပ်ကြသည်။ ဂန္ဓမာပန်းအပြင်၊ အုန်းပန်း၊ ကွမ်းသီးပျိုးပင်များ၊ ငှက်ပျောပင်များနှင့် အခြားခြံထွက်သီးနှံများ စိုက်ပျိုးရောင်းချခြင်းဖြင့်လည်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားနေစဉ်ကာလအတွင်း မိသားစု ပုံမှန်ဝင်ငွေရရှိပြီး စီးပွားရေးအဆင်ပြေကြောင်း ပန်းစိုက်တောင်သူ ဒေါ်ပြုံးရီက ပြောပြသည်။
ခိုင်ရွှေဝါ ဂန္ဓမာပန်း တစ်စည်းကို ကျပ် ၅၀ဝ နှုန်း ရောင်းချရပြီး ပန်းစိုက်ခင်းမှ နေ့စဉ် ပန်းစည်း ၅၀၊ ၆၀ ခန့် ထွက်ရှိကြောင်း၊ ယခင်က မြေကွက်ရှိသော်လည်း စိုက်ပျိုးစရိတ်မတတ်နိုင်၍ မစိုက်ပျိုးနိုင် ကြောင်း၊ ယခုအချိန်မှာ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးမှ မြစိမ်းရောင် စီမံကိန်း ချေးငွေထုတ်ယူပြီး စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ကာ ပုံမှန်ဝင်ငွေရရှိသဖြင့် စီးပွားရေးအဆင်ပြေ ကြောင်း ဒေသခံ ပန်းစိုက်ပျိုးသူ တောင်သူများ ပြောပြချက်အရ သိရသည်။
ကျောက်ကြီးမြို့နယ်တွင် ဒေသခံပြည်သူများ အများစုမှာ စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ပိုင်ကြပြီး ပန်းစိုက်တောင်သူအများစုမှာ ကျောက်ကြီးမြို့နယ် တုံးကြီးကျေးရွာအုပ်စုအတွင်းရှိ ကျေးရွာများနှင့် တောင်ပေါ်ဒေသများတွင် စိုက်ပျိုးကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


