ကျောက်ကြီး ၃ စက်တင်ဘာ
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ဖန်ခါးကုန်းကျေးရွာ တုံးကြီးတပ်ဦး ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ သြဂုတ် ၃ ရက် နံနက် ၁၀ နာရီခွဲ တွင် ကျောက်ပုံလယ်ကျေးရွာအုပ်စု မြေယာများအား အမှတ် (၆၀)ခြေလျင်တပ်ရင်းမှ ပြန်လည်စွန့်လွှတ်ပြီး မူလတောင်သူများသို့ ပုံစံ(၇) ပေးအပ်ပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
အခမ်းအနားအား ပဲခူးတိုင်းဒေသကြီး အစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ဘွယ်စေး တက်ရောက် အဖွင့်အမှာစကားပြောကြားပြီး တိုင်းဒေသကြီး အမှတ်(၂)လွှတ်တော်ကိုယ်စားလှယ် ဦးတင်ဆန်းဦး က တပ်ရင်းစွန့်လွှတ်မြေများနှင့်ပတ်သက်ပြီး ဆောင်ရွက်ထားရှိမှုအား ပြောကြားသည် ။
ဆက်လက်ပြီး မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဦးစီးမှူး ဦးစိုးတင့် က လယ်ယာမြေလုပ်ပိုင်ခွင့်ပြုလက်မှတ် ပုံစံ(၇)ပေးအပ်ခြင်းနှင့်ပတ်သက်ပြီး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် အမှတ်(၆၀)ခြေလျင်တပ်ရင်းမှ ပြန်လည်စွန့်လွှတ်မြေ (၂၆၁.၄၈)ဧက လယ်ယာမြေ လုပ်ကိုင်ခွင့်ပြု ပုံစံ(၇)အား ပဲခူးတိုင်းဒေသကြီး အစိုးရ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကျောက်ပုံလယ်ကျေးရွာအုပ်စုရှိ ဒေသခံတောင်သူ (၅၃)ဦးအား ပေးအပ်ခဲ့ပြီးl ဒေသခံပြည်သူများမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားအား ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ကရင်တိုင်းရင်းသားရေးရာဝန်ကြီး တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့် မြို့နယ် အဆင့်ဌာနဆိုင်ရာအကြီးကဲများ ဒေသခံ တောင်သူ(၁၀ဝ)ဦးခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


