ကျောက်ကြီး ၃၀ ဇူလှိုင်
ကျောက်ကြီးမြို့ ချောင်းရေမြင့်တက်မှုကြောင့် တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်အတွင်းရှိ ရပ်ကွက်အချို့ရှိ လူနေအိမ် ၉လုံးကို ယနေ့ နံနက်ပိုင်းက ယာယီပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင်း စစ်တောင်းမြစ်ရေသည် စိုးရိမ်ရေမှတ် ၉၃၀ စင်တီမီတာရှိရာ ယနေ့တွင် ၇၇၀စင်တီမီတာရှိပြီး ဇူလိုင် ၂၉ ရက်နေ့တွင် မိုးရေချိန် (၅.၉၀)လက်မ ရွာသွန်းခဲ့၍ မြို့နယ် အတွင်းရှိ ချောင်းရေ (၁ ဒသမ ၅)ပေ မြင့်တက်ဝင်ရောက်လာသဖြင့် မြို့ပေါ်ရှိ ပဲခူးရပ်ကွက် မြေနိမ့်ပိုင်း နှင့် တောင်ငူတန်းရပ်ကွက် ချောင်းကမ်းနား မြေနိမ့်ပိုင်းရှိ အိမ်ထောင်စု (၉)စု လူဦးရေ (၃၅)ဦး တို့ နီစပ်ရာဆွေးမျိုးများအိမ်သို့ ယာယီပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
အဆိုပါ ချောင်းရေမြင့်တက်ရေဝင်ရောက်မှုအား ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးကဲများ၊ မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကွင်းဆင်းကြည့်ရှုပြီး လိုအပ်သည်များ ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


