ကျောက်ကြီး၊  ၁၄  မေ

 

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် ငထွေစုတ်ကျေးရွာအုပ်စုရှိ တိုက်နယ်ဆေးရုံ ပြီးစီးမှု အခြေအနေနှင့် ဆေးရုံအမြန်ဆုံးဖွင့်လှစ်နိုင်ရေး မြို့နယ်တာဝန်ရှိသူများ မေလ ၁၄ ရက်နေ့ နံနက် ၈ နာရီတွင် ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။

 

တိုက်နယ်ဆေးရုံသည် ၁၆ ခုတင်ဆံ့ ဆေးရုံဖြစ်ပြီး ၂၀၁၇ ခုနှစ် မေလတွင် စတင်တည်ဆောက်သည်။ ၂၀၁၉ ခုနှစ် မတ်လ၌ တည်ဆောက်ပြီးစီးအပ်နှံခဲ့သော်လည်း ကျန်းမာရေးဌာနမှ ဆေးရုံ ဖွင့်လှစ်နိုင်ခြင်း မရှိ၍ ဒေသခံပြည်သူများအတွက် ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်လျက်ရှိပြီး ကျန်းမာရေးစောင့်ရှောက်မှုအခက်အခဲဖြစ်နေကြောင်း ဒေသခံပြည်သူများ ပြောကြားချက်အရ သိရသည်။

 

ယခု မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးကျော်သူ ဦးဆောင်ပြီး သက်ဆိုင်ရာတာဝန်ရှိသူအဖွဲ့ဝင်များလိုက်ပါလျက် တိုက်နယ်ဆေးရုံ ပြီးစီးမှုအခြေအနေနှင့် ဆေးရုံအမြန်ဆုံးဖွင့်လှစ်နိုင်ရေး ကွင်းဆင်းကြည့်ရှုစစ်ဆေးရခြင်း ဖြစ်ကြောင်းနှင့် အဆိုပါ တိုက်နယ်ဆေးရုံအမြန်ဆုံးဖွင့်လှစ်နိုင်ပါက ငထွေစုတ်ကျေးရွာအုပ်စုအပြင် အနီးပတ်ဝန်းကျင်ကျေးရွာများအတွက် ကျန်းမာရေးစောင့်ရှောက်ပေးနိုင်မည်ဖြစ်ကြောင်း မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ပြောကြားချက်အရသိရသည်။

 

ကိုသားကြီး(ကျောက်ကြီး)