ကျောက်ကြီး၊ စက်တင်ဘာ ၂၀
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ်၌ (၁၃၃)ကြိမ်မြောက် ရှင်ဥပဂုတ္တရန္တာမြတ် ဆွမ်းကြီးခံလှည့်လည်ပူဇော်ခြင်းနှင့် မီးမျှောပူဇော်ပွဲအား စက်တင်ဘာ ၂၀ ရက်တွင် နောက်ဆုံးနေ့အဖြစ် အောင်မြင်စွာ ကျင်းပခဲ့ကြောင်း သိရသည်။
ကျောက်ကြီးမြို့နယ်တွင် (၁၃၃)ကြိမ်မြောက် ရှင်ဥပဂုတ္တရန္တာမြတ် ဆွမ်းကြီးခံလှည့်လည်ပူဇော်ခြင်းနှင့် မီးမျောပူဇော်ပွဲအား မြို့နယ် သံဃာဝန်ဆောင်ဥက္ကဌ ရှင်သီဝလိတောင်တော်မြတ်၏ သြဝါဒါ စရိယဆရာတော် ဘဒ္ဒန္တစန္ဒိမာ၏ မိန့်ကြားချက်အရ ကျောက်ကြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ နှင့် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပွဲတော်ကျင်းပရေးကော်မတီဝင်များက စက်တင်ဘာ ၁၇ ရက်နေ့မှ စက်တင်ဘာ ၂၀ ရက်နေ့အထိ ကျောက်ကြီးမြို့ပေါ်နှင့် အနီးပတ်ဝန်းကျင်ကျေးရွာများအား ရှင်ဥပဂုတ္တရဟန္တာမြတ်အား လှည့်လည်ပူဇော်ကာ မြို့တွင်းဘုန်းတော်ကြီးကျောင်းများမှ ဆရာတော် သံဃာတော်များက နံနက်ဆွမ်းကြီးခံကြွရာ လမ်းတစ်လျှောက်၌ ပရိတ်၊ ပဌာန်းများ ရွတ်ဖတ် ပူဇော်ကြသည်။
အဆိုပါပွဲတော်အား တောင်သူလယ်သမားများ၏ ထွန်တုံးပိတ် အမွှမ်းတင်သည့် ပွဲတော်ဖြစ်၍ ကျောက်ကြီးမြို့နယ်သူ မြို့နယ်သားများအတွက် အစဉ်အလာ ရိုးရာမပျက် သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ကျင်းပပြုလုပ်ပေးရခြင်းဖြစ်ပြီး ယနေ့ လပြည်နေ့ နံနက်ပိုင်း၌ ရှင်ဥပဂုတ္တရဟန္တာမြတ်ရုပ်ပွားတော်အား မြို့နယ်အတွင်းရှိ ဘုန်းတော်ကြီးကျောင်းများမှ သံဃာတော်များက အနေကဇာတင်ခြင်း၊ ကျောက်ကြီးမြို့လယ် တံတားပေါ်၌ ရိုးရာ ထမင်းထုတ်များ ဖြန့်ဝေးပေးခြင်းများ ပြုလုပ်ကြသည်။
ညပိုင်းတွင် မြို့ပေါ်ရပ်ကွက် ဓမ္မရောဂီများက ဓမ္မာစကြာ ရွတ်ဖတ်ပူဇော်ကာ ကျောက်ကြီးမြို့လယ်ချောင်းအတွင်း မီးကြာခွက်များမျှော၍ ရှင်ဥပဂုတ္တရဟန္တာမြတ်အားပူဇော်ပြီး ပွဲတော်အား သတ်မှတ် စည်းကမ်းချက်များနှင့်အညီ ရုပ်သိမ်းသွားမည်ဖြစ်ကြောင်း ပွဲတော်ကျင်းပရေး ကော်မတီဝင်များ ပြောကြားချက်အရ သိရသည်။
ကိုသားကြီး(ကျောက်ကြီး)


