ကျောက်ကြီး ၈ သြဂုတ်
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းဝေးခန်းမ၌ သြဂုတ် ၈ ရက် နံနက် ၁၀ နာရီက စစ်တောင်းမြစ်ရေ တိုက်စားမှုကြောင့် ပြောင်းရွှေ့ရသည့် အိမ်ထောင်စု သုံးစုအား လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်း ပဲခူးတိုင်းဒေသကြီး ကြက်ခြေနီ ကြီးကြပ်မှုကော်မတီတို့၏ ပံ့ပိုးလမ်းညွှန်မှုဖြင့် ကျောက်ကြီးမြို့နယ် ကြက်ခြေနီအသင်း (ခွဲ) တို့မှ ထောက်ပံ့ပစ္စည်းပေးခဲ့ကြောင်း သိရသည်။
ထောက်ပံ့ပွဲတွင် မြို့နယ် သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှု ဦးကျော်သူ က အမှာစကားပြောကြားပြီး၊ စစ်တောင်းမြစ်ကမ်းပါး ပြိုကျမှုကြောင့် မြစ်ကမ်းပါး ကျွံကျမှုအန္တရာယ်ဖြစ်ပေါ်လာသဖြင့် နတ်သံကွင်းကျေးရွာအုပ်စု၊ တံခွန်တိုင်ကျေးရွာနှင့် မွေးတွင်းကျေးရွာအုပ်စု၊ မွေးတွင်းကျေးရွာရှိ လူနေအိမ် (၃) လုံး ပြောင်းရွေ့ခဲ့ရပြီး အဆိုပါ အိမ်ထောင်စုဝင်များအား ထောက်ပံ့ငွေ နှင့် ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သည်။
လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ပေးအပ်ထောက်ပံ့ပစ္စည်းများမှာ ပြောင်းရွေ့ အိမ်ထောင်စုဝင်များအတွက် တစ်အိမ်ထောင်လျှင် (၁) သိန်းကျပ်နှုန်း၊ မိသားစုဝင်များအတွက် တစ်ပတ်စာ ဆန်ရိက္ခာဖိုးငွေ တစ်ဦးလျှင် (၂၁၀၀) ကျပ်ဖြင့် အိမ်ထောင် (၃) စုစာအတွက် စုစုပေါင်း (၃၂၇၃၀၀) ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်းပုံး တစ်အိမ်ထောင်လျှင် တစ်ပုံးစီအား မြို့နယ် ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာန ဒုတိယဦးစီးမှူး ဒေါ်ခင်နီလာစိုး မှ ပြောင်းရွေ့အိမ်ထောင်စုဝင်များ လက်သို့ပေးအပ် ထောက်ပံ့ခဲ့သည်။
ဆက်လက်ပြီး မြို့နယ် ကြက်ခြေနီအသင်း(ခွဲ) ဥက္ကဋ္ဌ ဦးအောင်သင်း နှင့် မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းမှ ပံ့ပိုးကူးသော ထောက်ပံ့ပစ္စည်းများဖြစ်သည့် အိမ်ထောင်စု တစ်စုလျှင် တာပေါ်လင် (၁)ချက်၊ Hygiene Kit (၁) ပုံး၊ Jerry Can (၂)ဘူး ပြောင်းရွေ့အိမ်ထောင်စုဝင် (၃) စုအား ပေးအပ်ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
ကိုသားကြီး( ကျောက်ကြီး)