ကျောက်ကြီး   နိုဝင်ဘာ   ၂

မြန်မာနိုင်ငံ ကြက်ခြေနီအသင်းနှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီတို့ လုပ်ငန်းပူးပေါင်း  ဆောင်ရွက်သော ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်ရေးဌာနက နေရာဒေသအနှံ့ ကိုယ်အင်္ဂါ ချို့တဲ့နေသူများ မိုင်းဒဏ်ခံရသူများ ခြေတုရရှိရေးအစီစဉ်ဖြင့် နယ်လှည့်၍ အသေးစားခြေတု ပြုပြင်ပေးလျက်ရှိရာ နိုဝင်ဘာ ၂ ရက် နံနက်ပိုင်းက စတင်၍ ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ကျောက်ကြီးမြို့နယ် သိန်တန်းရပ်ကွက် ဗျူဟာလမ်းရှိ မြို့နယ်ကြက်ခြေနီအသင်းခွဲရုံး၌ ခြေတု အသေးစား ပြင်ဆင်ခြင်းလုပ်ငန်းကိုနေခြင်းပြီး "အခမဲ့" ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ ခြေတုပြုပြင်ရာတွင် ဘားအံခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်ရေးဌာန ကွင်းဆင်းအရာရှိ ဦးထွန်းထွန်းအောင် ဦးဆောင်သောအဖွဲ့နှင့်  ကြက်ခြေနီသူနာပြုတပ်ဖွဲ့ မြို့နယ်တပ်ဖွဲ့မှူး ဦးမင်းမြတ် ဘုန်းနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက မြို့နယ်အတွင်း ကိုယ်အင်္ဂါချို့တဲ့နေသူများနှင့် မိုင်းဒဏ်ခံရ သူများအား အဆက်အသွယ်ပြုလုပ်၍ အသေးစား ခြေတုပြုပြင်ပေးခြင်းလုပ်ငန်းကိုဆောင်ရွက်ပေးခြင်း၊ ခြေတုအသစ် တပ်ဆင်မည့်သူများအား ကိုယ့်ကာယလေ့ကျင့်ခန်းပြုလုပ်ဆောင်ရွက်လေ့ကျင့်စေပြီး ဘားအံ ခြေတုလက်တုဆိုင်ရာ ပြန်လည်သန်စွမ်းရေးဌာနသို့ခေါ်ကာ ခြေတုအသစ်ပြု လုပ်ပေး မည်ဖြစ်သည်။

ကျောက်ကြီးမြို့နယ်တွင် ခြေတုတပ်ဆင်ထားသူ ၃၄၀ ခန့်ရှိကြောင်း မြို့နယ် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့မှသိရပြီး ခြေတုလာရောက်ပြုပြင်သူများအား ခြေဖဝါး၊ ခြေအိပ်၊ ခါးပတ်ကြိုးများအား အခမဲ့ ဝန်ဆောင်မှုပေးခြင်းကို တစ်ရက်တာ ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကိုသားကြီး(ကျောက်ကြီး)