ရေစကြို   ၂၃  မေ  

 

မကွေးတိုင်းဒေသကြီး ၊ ရေစကြိုမြို့နယ် ကျောက်လှည်းဘီး ကျေးရွာနေပြည်သူများ ရာသီမရွေး သောက်သုံးရေ ဖူလုံစွာ သုံးစွဲနိုင်ရေးအတွက် အကောင်အထည်ဖော် ဆောင်ရွက်ပြီးစီးသည့် စက်ရေတွင်းတူးဖော်ခြင်း၊ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်းများ သတ်မှတ်စံချိန်စံညွှန်းများနှင့် အညီ ဆောင်ရွက်ထားမှု ရှိ မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက မကွေးတိုင်းဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ 

 

ထိုသို့ စစ်ဆေးရာတွင် တိုင်းဒေသကြီးဦးစီးမှူး ဦးမျိုးအောင်နှင့် တာဝန်ရှိသူများက ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်၊ ဌာနခွင့်ပြုငွေလုံးငွေရင်း ရန်ပုံငွေကျပ် ၂၁ ဒသမ ၇ သန်းဖြင့် ဆောင်ရွက်သည့် ကျောက်လှည်းဘီးကျေးရွာ လေးလက်မ စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း၊ အကျယ် ၁၀ ပေ × ၈ ပေ × ၈ ပေ ရေစက်ရုံ တည်ဆောက်ခြင်းနှင့် ဂါလန် ၅၀၀၀ ဆံ့ ရေလှောင်အုတ်ရေကန် တည်ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေများအား လုပ်ငန်းအရည်အသွေး ပြည့်မီမှု ရှိ မရှိ ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများ သောက်သုံးရေပြတ်လပ်မှု မရှိစေရေးအတွက် တူးဖော် ဆောင်ရွက်ပြီးစီးသည့် စက်ရေတွင်းအား စနစ်တကျ ကာကွယ်ထိန်းသိမ်းသွားရန် တာဝန်ရှိသူများအား ဆွေးနွေး မှာကြားသည်။ 

 

ရေစကြိုမြို့နယ် ကျောက်လှည်းဘီးကျေးရွာသည် အိမ်ခြေ ၄၈ အိမ်၊ လူဦးရေ ၂၄၇ ဦးရှိပြီး ဒေသခံပြည်သူများ ယခင်က ကျေးရွာ၌ စက်ရေတွင်း မရှိသည့်အတွက် နှစ်စဉ် နွေရာသီကာလများတွင် သောက်သုံးရေရှားပါးမှု အခက်အခဲများ ရင်ဆိုင်ကြုံတွေ့နေရကြောင်း သိရပြီး ယခုနှစ်တွင် မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာနေ ပြည်သူများ ရာသီမရွေး သောက်သုံးရေဖူလုံစွာ သောက်သုံးနိုင်ရေးအတွက် ဌာနခွင့်ပြုရန်ပုံငွေဖြင့် လေးလက်မ စက်ရေတွင်းအား အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့သဖြင့် ဒေသခံပြည်သူများ သောက်သုံးရေ ဖူလုံစွာရရှိကာ အဆင်ပြေကြကြောင်း ရေစကြိုမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်မာ ထံမှ သိရသည်။

 

ရဲဝင်းနိုင် (ညောင်ဦး)