ကျောက်မဲ ၁၄ အောက်တိုဘာ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့၊ အမှတ် ၉ ရပ်ကွက်မှ ကိုတင့်နှင့် သူငယ်ချင်းတစ်စုသည်စုပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက ၉ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင်အမှတ် ၉ ရပ်ကွက် အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသူ အိမ်ထောင်စု ၄၀ စုအား ဆန်၊ ဆီ ရိက္ခာများ ထောက်ပံ့လှူဒါန်ပေးခဲ့ကြောင်း သိရသည်။
"သမီးတို့ရဲ့သူငယ်ချင်းတွေစုပြီး မုန့်ဖိုးတွေထဲကနေ နွမ်းပါးသူများအတွက် တစ်ပိုင်တစ်နိုင် လှူဒါန်းတာပါ အများကြီးတော့ မဟုတ်ပါဘူး ဆက်ပြီးတော့လည်း လှူဒါန်းသွားဖို့ရှိပါတယ်" ဟု ကိုဗစ်၁၉ ရောဂါကာလအတွင်း ဝင်ငွေနည်းပါးပြီး နွမ်းပါးသူများအတွက် ၎င်းတို့သူငယ်ချင်းတစ်စုမှ စုပေါင်း၍ တစ်ပိုင်တစ်နိုင် လှူဒါန်းခြင်းဖြစ်ကြောင်းကို ပါဝင်လှူဒါန်းခဲ့သူ အမျိုးသမီးငယ်တစ်ဦးက ပြောကြားခဲ့သည်။
အဆိုပါ ကိုတင့်နှင့်အဖွဲ့တို့သည် ကျောက်မဲမြို့ပေါ်ရှိ နွမ်းပါးသူ မိသားစုဝင်များကို ရှာဖွေ၍ ဆန်၊ ဆီ ရိက္ခာများအိမ်တိုင်ရာရောက် ဆက်လက်လှူဒါန်းသွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


