နေပြည်တော် အောက်တိုဘာ ၇
တပ်မတော်က ပြည်သူလူထု အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အကြမ်းဖက်ချေမှုန်းမှုစစ်ဆင်ရေး (Counter- Terrorism Operation)ကို တည်ငြိမ်အေးချမ်းမှုကို လိုလားသည့် ဒေသခံပြည်သူများနှင့် ပူးပေါင်းဆောင်ရွက်ခဲ့ရာ ရှမ်းပြည်နယ်(မြောက်ပိုင်း)ရှိ ကျောက်မဲမြို့အား အလုံးစုံ ပြန်လည်ထိန်းချုပ် နိုင်ခဲ့ပြီး ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်မတော်သားများပူးပေါင်း၍ ဒေသခံပြည်သူ လူထုလုံခြုံရေးနှင့် လိုအပ်သည့် ကူညီထောက်ပံ့မှုများ ဆောင်ရွက်ပေးနိုင်ရေး၊ အစိုးရ၏ အုပ်ချုပ်မှု ယန္တရားများဖြစ်သည့် ရုံးများ ပြန်လည်ဖွင့်လှစ်နိုင်ရေး၊ ကလေးသူငယ်များ ပညာသင်ကြားနိုင်ရေး အတွက် စာသင်ကျောင်းများ ပြန်လည် ဖွင့်လှစ်ပေးနိုင်ရေး၊ ပြည်သူလူထု၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများအတွက် ဆေးရုံများပြန်လည် ဖွင့်လှစ်နိုင်ရေး စသည့်ပြန်လည် ထူထောင်ရေးလုပ်ငန်းများကို အင်တိုက်အားတိုက် ဆောင်ရွက်ပေးလျက်ရှိသည်။
ထိုသို့ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့တွင် ကျောက်မဲမြို့ရှိ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းနေအရွယ် ကလေးများအား တန်းစဉ်အလိုက် စတင်ကျောင်းအပ် လက်ခံခဲ့ရာ ကျောင်းလာရောက်အပ်နှံမှုအနေဖြင့် ကျောင်းသား ကျောင်းသူ ၂၀၆ ဦးရှိကြောင်း သိရသည်။ အဆိုပါ ကျောင်းအပ်နှံသည့် ကျောင်းသား ကျောင်းသူများအား ပညာရေးဝန်ကြီးဌာနက အခမဲ့ပေးအပ်သည့် ကျောင်းသုံး စာအုပ်များ၊ စာရေးကိရိယာများနှင့် ထောက်ပံ့ပစ္စည်းများကို တစ်ပါတည်းပေးအပ်ကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လိုအပ်သည်များ ဆောင်ရွက်ပေး ကြသည်။
ထို့ပြင် ဌာနဆိုင်ရာဝန်ထမ်းများ စားသောက်နေထိုင်ရေး အဆင်ပြေစေရန်အတွက် ရှမ်းပြည်နယ် အစိုးရအဖွဲ့က လှူဒါန်းသော ဆန်၊ ဆီနှင့် အခြေခံ စားသောက်ကုန်များကို တာဝန်ရှိသူများက ပေးအပ်ကြသည်။
ယင်းအပြင် ဒေသခံပြည်သူများ၏ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများအတွက် ကျန်းမာရေးဝန်ကြီးဌာနနှင့် တပ်မတော်မှ ဆရာဝန်များ၊ သူနာပြုများ ပူးပေါင်း၍ အောက်တိုဘာ ၅ ရက်မှစတင်၍ ကျောက်မဲမြို့ လာဘမုနိတရုတ်ဘုံကျောင်း၌ ယာယီဆေးရုံဖွင့်လှစ်ပြီး ဆေးကုသပေး ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဒေသခံတိုင်းရင်းသားပြည်သူ ၁၆၉ ဦးတို့ကို လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးလျက်ရှိသည်။
ထို့ပြင် ကျောက်မဲမြို့နယ် တည်ငြိမ်အေးချမ်း သာယာရေး၊ ရေရှည်ဖွံ့ဖြိုးတိုးတက်ရေးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူများ အေးချမ်းစွာ လူမှုစီးပွားဘဝ လုပ်ကိုင်စားသောက်နိုင်ရေးအတွက် လုံခြုံရေးတပ်ဖွဲ့ဝင်များက နယ်မြေလုံခြုံရေးနှင့် နယ်မြေစိုးမိုးရေးတာဝန်များကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
သတင်းစဉ်


