ကျောက်မဲ ၃၁ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ ဗဟိုဈေးကြီးအား တောက်ဘက်ခြမ်းမြောက်ဘက်ခြမ်း ခွဲ၍ တစ်ရက်စီ အလှည့်ကျစနစ်ဖြင့် ဇွန်လ ၁ ရက်နေ့မှ စ၍ဖွင့်ခွင့်ပြုမည်ဖြစ်ကြောင်း မြို့နယ် စည်ပင် သာယာရေး ကော်မတီ၏ ထုတ်ပြန်ကြေညာချက်အရ သိရသည်။
အဆိုပါ ဈေးဖွင့်လှစ်ရောင်းချချိန်မှာ နံနက် ၇ နာရီမှ ညနေ ၄ နာရီ အထိသာဖြစ်ပြီး ၊ ဈေးရောင်းသူများ အနေဖြင့် စည်ပင်သာယာရေးကော်မတီ၏ ကိုဗစ်_၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေးအတွက် ထုတ်ပြန်ထားသည့် စည်းကမ်းများနှင့်အညီ လိုက်နာရောင်းချရမည်ဖြစ်ပြီး သတ်မှတ်စည်းကမ်းများကို ဖောက်ဖျက်ပါက ထိရောက်စွာ အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။
အသား၊ငါးနှင့် ဟင်းသီးဟင်းရွက်များကို အဆိုပါ ဗဟိုဈေးကြီး တွင်ရောင်းချခွင့်မပြုပဲ ယခင်သတ်မှတ် နေရာများ ဖြစ်သည့် ပျံကျဈေးနေရာများတွင် သာရောင်းချခွင့်ပြုမည်ဖြစ်သည်။ ယခင်ယာယီ ပိတ်ထားသည့် ညဈေးနှင့် နောင်ပိန် ၅ ရက်တစ်ဈေးကိုလည်း ဆက်လက်ပိတ်ထားမည်ဖြစ်သည်။
ကျောက်မဲမြို့ရှိ မင်္ဂလာဈေး၊ အခွန်လွတ်ဈေးနှင့် နံနက်ခင်းပျံကျဈေး(ဘူတာ)တို့ကို ကိုဗစ်-၁၉ ကာလအတွင်း ကျန်းမာရေးနှင့်အားကစားဝန်ကြီး ဌာန၏ ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် ရောင်းချခွင့် ပြုခဲ့ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


