ကျောက်မဲ ၉ ဇူလိုင်
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြို့မရဲစခန်းတွင် ယနေ့နံနက် ၁၀ နာရီက သွေးလွန်တုပ်ကွေး ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ရဲစခန်းအတွင်း ခြင်ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် ကျောက်မဲခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံအုပ် ဒေါက်တာ ကျော်မိုးထွန်းက သွေးလွန်တုပ်ကွေးရောဂါ၏ ရောဂါလက္ခဏာများနှင့် ဆိုးကျိုးများ၊ ကြိုတင် ကာကွယ်ခြင်းသည် ကုသခြင်းထက် ပိုမိုထိရောက်သည့်အတွက် ပိုးလောက်လန်းများကို ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းဖြင့် စဉ်ဆက်မပြတ် သုတ်သင်ရှင်းလင်းရခြင်း၊ ခြင်အကိုက်ခံရမှုမရှိစေရေး ဂရုပြု နေထိုင်ခြင်းတို့ဖြင့် ကာကွယ်ရမည်ဖြစ်ကြောင်းကို လည်းကောင်း၊ ကျန်းမာရေးမှူး ဦးသန်းဝင်းဇော်က သွေးလွန်တုပ်ကွေးရောဂါ ကြိုတင်ကာကွယ်ရေးနည်းလမ်းများကို လည်းကောင်း အသီးသီး ရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများက ခြင်ဆေးဖျန်းစက် ၂ လုံးဖြင့် မြို့မရဲစခန်းအတွင်းရှိ ရုံးနှင့် ဝန်ထမ်းအိမ်ရာများအား ခြင်ဆေးများ ဖျန်းပေးခဲ့သည်။ ရဲစခန်းမိသားစုဝင် များထဲမှ လူငယ်တစ်ဦး သွေးလွန်တုပ်ကွေး ရောဂါဖြစ်ပွားခဲ့သောကြောင့် ယခုကဲ့သို့ ဆေးဖျန်းပေးရခြင်း ဖြစ်ကြောင်း သိရသည်။
ကျောက်မဲမြို့နယ်တွင် ယခုနှစ်မိုးရာသီအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူ ၅ ဦး ရှိလာပြီဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


