ကျောက်မဲ ၂၁ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြန်မာ့လယ်ယာစီးပွားရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ ၂၀၂၀ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကိုထုတ်ပေးရာတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလ ဖြစ်သည့်အတွက် အမှတ် ၄ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက နောင်ပိန်ကျေးရွာရှိ တောင်သူ ၇၉ ဦးတို့အား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ချေးငွေများကို ၂၀၂၀ ခုနှစ်အတွင်း ကျေးရွာအုပ်စု ၂၀ ၊ တောင်သူဦးရေစုစုပေါင်း ၁၆၀ဝ ဦး ခန့် ထုတ်ပေးရန်နှင့် စပါးဧက ၄၀၆၀ ၊ ပြောင်းဧက ၄၀၁၀ အတွက် လျာထားကြောင်း၊ စပါးတစ်ဧကလျှင် ငွေကျပ်တစ်သိန်းခွဲ နှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်း ဖြင့်လည်းကောင်း ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အထူးအစီအစဉ်အနေဖြင့် ယာမြေများပေါ်တွင် စပါးစိုက်ပျိုးကြောင်း သက်ဆိုင်ရာ၏ ထောက်ခံချက်ဖြင့် တင်ပြနိုင်ပါက တစ်ဧကအတွက် ငွေကျပ်တစ်သိန်းခွဲနှုန်းဖြင့် မိုးရာသီချေးငွေများကို ထုတ်ချေးပေးသွားမည် ဖြစ်သည်။
ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလဖြစ်သည့်အတွက် နိုင်ငံတော်မှ ချေးငွေအတိုးနှုန်းကို ၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးထားပြီး ထုတ်ချေးခဲ့သည့် ချေးငွေများ ပြန်လည် ပေးဆပ်ရမည့် နောက်ဆုံးသတ်မှတ်ရက်ကိုလည်း မေလကုန်အထိ ဖြေလျှော့ပေးထားကြောင်း သိရသည်။
ချေးငွေလာရောက်ထုတ်ယူသည့် တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်သည့် အနေဖြင့် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များ အတိုင်း နှာခေါင်းစည်း (Mask) မပါလာသည့် တောင်သူများကို နှာခေါင်းစည်း (Mask) အခမဲ့ထုတ်ပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးရန်နေရာများစီစဉ်ထားပေးခြင်း၊ နားနေသည့် နေရာ၊ စာရင်းသွင်း သည့်နေရာ၊ ငွေထုတ်ပေးသည့်နေရာများတွင် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၃ ပေအကွာ နေထိုင်ရန် စီစဉ်ဆောင် ရွက်ပေးလျှက်ရှိသည်။
မိုင်းထွန်း(ပြန်/ဆက်)


