ကျောက်မဲ ၂၀ မေ
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ မြန်မာ့လယ်ယာစီးပွားရေးဘဏ်၊ မြို့နယ်ဘဏ်ခွဲမှ ၂၀၂၀ ခုနှစ် မိုးစပါးစိုက်ပျိုးစရိတ် ချေးငွေများကို အမှတ် ၄ အခြေခံပညာ အထက်တန်းကျောင်းတွင် ယမန်နေ့ နံနက် ၉ နာရီက နောင်ပိန်ကျေးရွာရှိ တောင်သူ ၇၉ ဦးအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ စနစ်တကျ ထုတ်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါချေးငွေများကို ၂၀၂၀ ခုနှစ်အတွင်း ကျေးရွာအုပ်စု ၂၀၊ တောင်သူဦးရေ စုစုပေါင်း ၁၆၀ဝ ခန့်ထုတ်ပေးရန်နှင့် စပါး ၄၀၆၀ ဧက၊ ပြောင်း ၄၀၁၀ ဧကအတွက် လျာထားကြောင်း၊ စပါးတစ်ဧကလျှင် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့်လည်းကောင်း၊ အခြားသီးနှံများအတွက် တစ်ဧကလျှင် ငွေကျပ် တစ်သိန်းနှုန်းဖြင့်လည်းကောင်း ထုတ်ပေးသွားမည်ဖြစ်သည်။
အထူးအစီအစဉ်အနေဖြင့် ယာမြေများပေါ်တွင် စပါးစိုက်ပျိုးကြောင်း သက်ဆိုင်ရာ၏ ထောက်ခံချက်ဖြင့် တင်ပြနိုင်ပါက တစ်ဧကအတွက် ငွေကျပ် တစ်သိန်းခွဲနှုန်းဖြင့် မိုးရာသီ ချေးငွေများကို ထုတ်ချေးပေးသွားမည်ဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားသည့် ကာလဖြစ်သည့်အတွက် နိုင်ငံတော်မှ ချေးငွေအတိုးနှုန်းကို ၈ ရာခိုင်နှုန်းမှ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးထားပြီး ထုတ်ချေးခဲ့သည့် ချေးငွေများ ပြန်လည် ပေးဆပ်ရမည့် နောက်ဆုံးသတ်မှတ်ရက်ကိုလည်း မေလကုန်အထိ ဖြေလျှော့ပေးထားကြောင်း သိရသည်။
ချေးငွေလာရောက်ထုတ်ယူသည့် တောင်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမှ ကြိုတင်ကာကွယ်သည့် အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ လမ်းညွှန်ချက်များအတိုင်း နှာခေါင်းစည်း (Mask) မပါလာသည့် တောင်သူများကို နှာခေါင်းစည်း (Mask) အခမဲ့ ထုတ်ပေးခြင်း၊ အပူချိန် တိုင်းတာပေးခြင်း၊ လက်ဆေးရန်နေရာများ စီစဉ်ထားခြင်း၊ နားနေသည့် နေရာ၊ စာရင်းသွင်း သည့်နေရာ၊ ငွေထုတ်ပေးသည့် နေရာများတွင် တစ်ဦးနှင့်တစ်ဦး အနည်းဆုံး ၃ ပေ အကွာ နေထိုင်ရန် စီစဉ်ဆောင်ရွက်ပေးထားကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


