နေပြည်တော် အောက်တိုဘာ ၁၁ 

 

ကျန်းမာရေးဝန်ကြီးဌာနသည် ပြည်သူလူထု ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ လွှမ်းခြုံမှုတိုးတက်စေရန် ဆောင်ရွက်လျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲမြို့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံ ကျန်းမာရေးဝန်ထမ်းများသည် ကျောက်မဲမြို့ပေါ်နှင့် အနီးတစ်ဝိုက်ရှိ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများကို ကျန်းမာရေးပညာပေးခြင်းလုပ်ငန်း၊ မကူးစက်ရောဂါနှင့် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေးလုပ်ငန်းနှင့် ကိုယ်ဝန်ဆောင်မိခင်နှင့် ကလေးစောင့်ရှောက်ရေးလုပ်ငန်းများ ဆောင်ရွက်ပေးလျက် ရှိသည်။

 

ကျောက်မဲမြို့တွင် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးခြင်းလုပ်ငန်းကို ပြန်လည်အားဖြည့် ဆောင်ရွက်ရန်အတွက် Big Catch-up ၊ Routine Catch-up နည်းလမ်းများဖြင့် အမီလိုက် ကာကွယ် ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ၊ အသက် (၁၅) နှစ်အောက် ကလေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေးလုပ်ငန်းများ (Special Immunization Activities) စသည်ဖြင့် ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများကို ကလေးတိုင်းဆီသို့ ရောက်ရှိရန် နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက်လျက်ရှိသည်။

 

ထိုသို့ဆောင်ရွက်ရာ အောက်တိုဘာ ၁၀ ရက်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အခြေခံကျန်းမာရေးဝန်ထမ်းများသည် ကျောက်မဲမြို့ အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်း၌ ကျောင်းသား ကျောင်းသူများ ကျန်းမာရေးစစ်ဆေးပေးခြင်း၊ ကျန်းမာရေးအသိပညာပေးခြင်လုပ်ငန်းများ ဆောင်ရွက်ပေးခဲ့ပြီး အသက် (၁၅) နှစ်အောက် ကျောင်းသား ကျောင်းသူ ၂၀၀ ကို လိုအပ်သောကာကွယ်ဆေးများ ထိုးနှံတိုက်ကျွေးပေးသည်။ 

 

အသက် (၁၅) နှစ်အောက်ကလေးများကို အထူးအစီအစဉ်ဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးရေး လုပ်ငန်းများကို ကျောက်မဲမြို့နှင့် နောင်ချိုမြို့နယ် အပါအဝင် ရှမ်းပြည်နယ် (မြောက်ပိုင်း) အတွင်းရှိ ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်နေသော မြို့နယ်အားလုံးတွင် ထိုးနှံတိုက်ကျွေးပေးလျက်ရှိကြောင်း သိရသည်။ 

 

အလားတူ ကျောက်မဲမြို့ လာဘမုနိ တရုတ်ဘုံကျောင်း၌ အောက်တိုဘာ ၅ ရက်မှစ၍ ယာယီဆေးရုံဖွင့်လှစ်ကာ ဒေသခံတိုင်းရင်းသားပြည်သူများအား လိုအပ်သော ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အတွင်းလူနာနှင့် ပြင်ပလူနာများအား လက်ခံကုသပေးခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိရာ ထိုဒေသအနီးတစ်ဝိုက်မှ ဒေသခံတိုင်းရင်းသား ပြည်သူများ လာရောက်ကုသမှုခံယူလျက်ရှိပြီး အောက်တိုဘာ ၅ ရက်မှ ၁၀ ရက်အထိ ပြင်ပလူနာ ၆၂၃ ဦးနှင့် အတွင်းလူနာ ၁၄ ဦးကို လိုအပ်သော ကုသမှုများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

 

သတင်းစဉ်