ကျောက်မဲ ၂၆ မေ
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်တွင် မတ် ၂၅ ရက်နေ့မှစ၍ နိုင်ငံရပ်ခြားမှ ပြန်လာသူများကို အသွားအလာ ကန့်သတ်ထားရှိပြီး စောင့်ကြည့်ရန်နေရာဖြစ်သည့် Facility Quarantine နေရာ ၄ နေရာကို အမှတ် ၁/၂/၃ အခြေခံပညာအထက်တန်းကျောင်းနှင့် ခရိုင်မိုးလုံလေလုံ အားကစားခန်းမ၌ စီစဉ်ဆောင်ရွက်ထားရှိခဲ့သည်။
အဆိုပါ Facility Quarantine နေရာ ၄ နေရာအနက် မေလ ၂၆ ရက်နေ့ စာရင်းအရ အမှတ် ၁/၂ အထက်တန်းကျောင်းနေရာများတွင် အသွားအလာ ကန့်သတ်စောင့်ကြည့်ထားသူ မရှိတော့ဘဲ အမှတ် ၃ အခြေခံပညာ အထက်ကျောင်းတွင် အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ ၇၅ ဦး၊ မိုးလုံလေလုံ အားကစားခန်းမတွင် ၁၀ ဦး စုစုပေါင်း အသွားအလာကန့်သတ် စောင့်ကြည့်ထားသူ ၈၅ ဦးသာ ကျန်ရှိကြောင်း၊ ၎င်းတို့၏ ကျန်းမာရေးနှင့်ပတ်သက်၍ ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပုံမှန် စစ်ဆေးပေးလျှက်ရှိကြောင်း၊ ၎င်းတို့ နေထိုင်စားသောက်ရေးနှင့်ပတ်သက်၍ မေ ၁၂ ရက်နေ့အထိ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးကော်မတီမှ ထောက့်ပံ့ကျွေးမွေးခဲ့ပြီး ယခုအခါတွင် မြို့တွင်းနေထိုင်သူဖြစ်ပါက ၎င်းတို့၏အစီအစဉ်ဖြင့် လည်းကောင်း၊ မြို့နှင့်အလှမ်း ဝေးသည့် စောင့်ကြည့်ခံရသူများအနေဖြင့် အလှူရှင်များ၏ လှုဒါန်းထောက်ပံ့မှုဖြင့် လည်းကောင်း စားသောက်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။
အခြေခံပညာကျောင်းများတွင် ဖွင့်လှစ်ထားသည့် Facility Quarantine နေရာများကို ကျောင်းမဖွင့်မီ ဇွန် ၁၅ ရက်နေတွင် သက်ဆိုင်ရာ ပညာရေးဌာနသို့ ပြန်လည်အပ်နှံရမည်ဖြစ်ပြီး မအပ်နှံမီ ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများကို ဆောင်ရွက်သွားမည် ဖြစ်ကြောင်း၊ အဆိုပါ ကျောင်းများတွင် ဖွင့်လှစ်ထားသော Quarantine Centre များ ပြန်လည် အပ်နှံပြီးပါက နိုင်ငံရပ်ခြားမှ ပြန်လည်ရောက်ရှိလာမည့်သူများအတွက် Quarantine Centre အဖြစ် မြို့နယ် ရက်ကန်းကျောင်းနှင့် ခရိုင်မိုးလုံလေလုံအားကစားခန်းမတွင် စီစဉ်ဆောင်ရွက်ထားရှိမည် ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


