ကျောက်မဲ၊ ၁၉ ဒီဇင်ဘာ
ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲမြို့နယ်၊ နားခေါ်ကျေးရွာအုပ်စု၊ ဗူးခါးကျေးရွာရှိ ဦးစံဘပိုင် ပြောင်းစိုက်ခင်းတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ပြောင်းသီးနှံအား စက်ဖြင့် ရိတ်သိမ်းခြင်း သရုပ်ပြပွဲကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ပြောင်းသီးနှံအား စက်ဖြင့်ရိတ်သိမ်းခြင်း သရုပ်ပြပွဲတွင် ဖိတ်ကြားထားသည့် မြို့နယ်အဆင့် ဌာနဆိုင်ရာများနှင့် နမ့်ဟူးတောင်း၊ ကျွဲကုန်း၊ နားခေါ်ကျေးရွာအုပ်စုတို့မှ ပြောင်းစိုက်တောင်သူများ တက်ရောက်ခဲ့ကြပြီး အဆိုပါသရုပ်ပြပွဲသို့ တက်ရောက်လာသူများအား စက်မှုလယ်ယာ ဦးစီးဌာနမှ ကျောက်မဲမြို့နယ် ဦးစီးမှူး ဦးအောင်မျိုးနိုင်က ပြောင်းသီးနှံအား စက်ဖြင့်ရိတ်သိမ်းခြင်း သရုပ်ပြပွဲ ဆောင်ရွက်ရခြင်းနှင့် စက်ဖြင့်ရိတ်သိမ်းခြင်းကြောင့် ရရှိလာမည့် အကျိုးကျေးဇူးများကို ရှင်းလင်းပြောကြားခဲ့ကာ သရုပ်ပြပွဲသို့ တက်ရောက်လာသူများက ပြောင်းစိုက်ခင်းအား စက်ဖြင့် ရိတ်သိမ်းနေမှုကို ကြည့်ရှုအားပေးခဲ့ကြသည်။
အဆိုပါ ပြောင်းရိတ်သိမ်းစက်ကို အသုံးပြုခြင်းဖြင့် ပြောင်းစိုက်တောင်သူများအတွက် အချိန်ကုန် သက်သက်သာပြီး လုပ်ငန်းအချိန်မီ ပြီးစီးခြင်း၊ ကုန်ကျစရိတ်သက်သာခြင်း၊ အလုပ်သမား သက်သာခြင်းစသည့် အကျိုးကျေးဇူးများကို ရရှိမည်ဖြစ်ကြောင်း၊ လာမည့်နှစ်မှစ၍ စက်ဖြင့် ပြောင်းသီးနှံများ ရိတ်သိမ်းပေးခြင်းတို့ကို စက်မှုလယ်ယာဦးစီးဌာနမှ ဈေးနှုန်းချိုသာစွာဖြင့် ဝန်ဆောင်မှု ပေးသွားမည်ဖြစ်ကြောင်း၊ ပြောင်းရိတ်စက်ကို ဝယ်ယူလိုပါက ဌာနမှ ကူညီချိတ်ဆက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း စက်မှုလယ်ယာဦးစီးဌာန၊ ကျောက်မဲမြို့နယ် ဦးစီးမှူး၏ ပြောကြားချက်အရသိရသည်။
မိုင်းထွန်း(ပြန်/ဆက်)


