ကျောက်မဲ  ၂၉ ဇွန်

 

ရှမ်းပြည်နယ်(မြောက်ပိုင်း) ကျောက်မဲမြို့နယ် ခေးနင်းကျေးရွာအုပ်စု လုပ်ပါကျေးရွာရှိ  တောင်သူများအား ယမန်နေ့ နံနက်ပိုင်းက ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများမှ ပိုးဖလံဖမ်း ထောင်ခြောက်(Phoromone Trap) အသုံးပြုနည်းကို လက်တွေ့ကွင်းဆင်း သရုပ်ပြပေးခဲ့ကြသည်။

 

အဆိုပါ ပိုးဖလံဖမ်းထောင်ခြောက် (Pheromone Trap) အသုံးပြုနည်း လက်တွေ့ ကွင်းဆင်းဆောင်ရွက်ရခြင်းနှင့်ပတ်သက်၍ ကျောက်မဲမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဒေါ်ရည်ရည်မွန်က “ကျောက်မဲမြို့နယ်မှာရှိတဲ့ တောင်သူအများစုက အစေ့ထုတ်ပြောင်းကို အဓိကထား စိုက်ပျိုးကြပါတယ်။ ဒီပြောင်းခင်းတွေ ဖျက်အားပြင်း ဖောငမြှောင်တောင်ပိုးများရဲ့ အန္တရာယ်ကနေ ကြိုတင်ကာကွယ်ကွယ်နှိမ်နင်းတဲ့ နည်းလမ်းများစွာရှိပေမဲ့ ကြိုတင်ကာကွယ်တဲ့နည်းကတော့ အကောင်းဆုံးပဲ ဖြစ်ပါတယ်၊ ပိုးဖလံဖမ်းထောင်ခြောက်ကို အသုံးပြုခြင်းအားဖြင့် မိမိတို့၏ စိုက်ခင်းများအတွင်း ပိုးဖလံများမည်မျှရှိသည်ကို ကြိုတင်သိနိုင်သလို  ပိုးဖလံအထီးများကို သုတ်သင်နိုင်တာကြောင့်  ပိုးဖလံများရဲ့မျိုးပွားနှုန်းကို ထိန်းချုပ်နိုင်မှာဖြစ်ပါတယ်။ ဒီနည်းဟာ ဖောငမြှောင်တောင်ပိုး အန္တရာယ်ကနေ ကြိုတင် ကာကွယ်တဲ့နေရာမှာ အထိရောက်ဆုံးဖြစ်တာမို့ ဒီနည်းကို တောင်သူများကျယ်ကျယ်ပြန့်ပြန့် သိရှိအောင် ကျွန်မတို့ဌာနဝန်ထမ်းများက ကွင်းဆင်းပြီး လက်တွေ့သရုပ်ပြ ဆောင်ရွက်ပေး နေရခြင်းဖြစ်ပါတယ်။  ဒါ့အပြင် မီးထောင်ချောက်သုံးပြီး ဖမ်းတဲ့နည်း၊ သကာရည်/ထန်းလျက်ရည်တွေနဲ့ ထောင်ချောက်လုပ်ပြီး ဖမ်းတဲ့နည်း အစရှိတဲ့နည်းတွေကိုလည်း တောင်သူများသိအောင် ဆက်လက်ပြသ သွားဖို့ရှိပါတယ် ဟုပြောကြားခဲ့သည်။

 

အလားတူပင် ပိုးဖလံဖမ်းထောင်ခြောက် အသုံးပြုနည်းကို နားအိုက်ခန့် ကျေးရွာရှိ တောင်သူများကိုလည်း ပြသပေးခဲ့ကြောင်း သိရသည်။

 

မိုင်းထွန်း(ပြန်/ဆက်)