ကျောက်မဲ ၂၂ ဇန်နဝါရီ
အလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်း၏ ပတ်ဝန်းကျင်နှင့် လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းနှင့် ပတ်သက်၍ ဒေသခံပြည်သူများနှင့် တွေ့ဆုံးဆွေးနွေးညှိနှိုင်းပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ကျောက်မဲမြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင်ကျင်းပပြုလုပ်ရာ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ခရိုင်/မြို့နယ် ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့မိမြို့ဖများ၊ ပါတီဝင်များ၊ လူမှုရေးအသင်းအဖွဲ့ဝင်များနှင့် ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အလယ်ရဲရွာ ရေအားလျှပ်စစ်စီမံကိန်း မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး သုတေသနအဖွဲ့ သုတေသနတာဝန်ခံ ဒေါ်မေပန်းချီနှင့် ရေအားလျှပ်စစ်ဆိုင်ရာ နိုင်ငံတော်အကြံပေး ဒေါက်တာဝင်းမြင့်တို့က အလယ်ရဲရွာရေအား လျှပ်စစ်စီမံကိန်း၏ပတ်ဝန်းကျင်နှင့်လူမှုရေးဆိုင်ရာ ထိခိုက်မှုဆန်းစစ်ခြင်းနှင့် စပ်လျဉ်း၍ အသီးသီးရှင်းလင်း ဆွေးနွေးခဲ့ကြသည်။
ယင်းနောက် တက်ရောက်လာသူများက အဆိုပါစီမံကိန်းကြောင့် ဒေသအတွက် ဖြစ်ပေါ်လာနိုင်မည့် ကောင်းကျိုး၊ ဆိုးကျိုးများနှင့် သိရှိလိုသည်များကို မေးမြန်းရာ တာဝန်ရှိသူများမှ ပြန်လည် ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်းသိရသည်။
အဆိုပါအလယ်ရဲရွာရေအားလျှပ်စစ်စီမံကိန်းကို အောက်ရဲရွာရေလှောင်တမံနှင့် တည်ဆောက်ဆဲ ဖြစ်သော အထက်ရဲရွာရေအားလျှပ်စစ် စီမံကိန်းအကြား ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ်၊ ရေတွင်းကြီးကျေးရွာအနီး မြစ်ငယ်မြစ်ပေါ်တွင်ဆောင်ရွက်မည်ဖြစ်ပြီး စီမံကိန်းကာလမှာ ၂၀၂၁ ခုနှစ်မှ ၂၀၂၈ ခုနှစ်အထိလျာထား၍ လျှပ်စစ်ပမာဏ ၇၃၅ မဂ္ဂါဝပ်ခန့် ထွက်ရှိမည်ဟု ခန့်မှန်းထားသည်။ ယင်းစီမံကိန်းကို နော်ဝေနိုင်ငံမှ အပြည်ပြည်ဆိုင်ရာ ပြည့်ဖြိုးမြဲစွမ်းအင်ဆိုင်ရာ ကုမ္မဏီဖြစ်သော SN Power မှ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မိုင်းထွန်း(ပြန်/ဆက်)