ကျောက်မဲ ၂၄ မတ် 
 


ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲမြို့ခန်းမတွင် ယနေ့နံနက် ၁၀ နာရီက COVID-19 ရောဂါနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းခြင်းနှင့် အလှူခံရရှိသည့် PPE ဝတ်စုံများကို လူမှုကူညီရေးအဖွဲ့သို့ ပေးအပ်ခဲ့သည်။

 

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူးက ကျောက်မဲမြို့နယ်အတွင်း COVID-19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်နှင့် ဖြစ်ပွားမှုရှိလာပါက အချိန်နှင့်တစ်ပြေးညီ ကဏ္ဍအလိုက် ဆောင်ရွက်နိုင်ရန် စီစဉ်ဆောင်ရွက်ထားရှိမှုများကို ရှင်းလင်းပြောကြားပြီး ခရိုင်ဆရာဝန်ကြီး ဒေါက်တာကျော်မိုးထွန်းနှင့် ဒုတိယခရိုင်ဆရာဝန် ဒေါက်တာနန်းရီလှိုင်ဦးတို့က ခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ COVID-19 ရောဂါကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားရှိမှု အခြေအနေ၊ ရောဂါကူးစက်ပျံ့နှံ့နေမှု အခြေအနေ၊ ရောဂါကူးစက်နိုင်သည့် နည်းလမ်းများ၊ ကြိုတင်ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းပြောကြားခဲ့ကာ PPE ဝတ်စုံ ဝတ်နည်းချွတ်နည်း အသိပညာပေး ဗီဒီယိုကို ဖွင့်လှစ်ပြသခဲ့သည်။ ယင်းနောက် တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးရာ မြို့နယ်အုပ်ချုပ်မှူးနှင့် တာဝန်ရှိသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ပြီး မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်တို့က သီပေါမြို့နယ်ရှိ နယ်စည်းမခြားပရဟိတအဖွဲ့နှင့် ကျောက်မဲမြို့နယ်ရှိ လူမှုကူညီရေးအသင်းအဖွဲ့ (၈) ဖွဲ့တို့အတွက် PPE ဝတ်စုံ (၇၀) ကို ခွဲဝေပေးအပ်လှူဒါန်းခဲ့သည်။

 

အဆိုပါအခမ်းအနားသို့ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးစိုင်းထွန်းဉာဏ်၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ မြို့မိမြို့ဖများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် လူမှုကူညီရေးအသင်းအဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


     
မိုင်းထွန်း(ပြန်/ဆက်)