ကျောက်မဲ  ၁၈  ဖေဖော်ဝါရီ

 

မသန်စွမ်းသူများဆိုင်ရာ လုပ်ငန်းဆောင်တာများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက် ၁၀ နာရီက ကျောက်မဲမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ပြုလုပ်ခဲ့သည်။

 

အစည်းအဝေးတွင် ကျောက်မဲမြို့နယ် အုပ်ချုပ်ရေးမှူး ဦးနိုင်ဝင်းနှင့် ဒုတိယခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာနန်းရီလှိုင်ဦးတို့က အမှာစကားပြောကြားပြီး ကျောက်မဲခရိုင် လူမှုဝန်ထမ်းဦးစီးအရာရှိ ဒေါ်စိုးစိုးမော်က မသန်စွမ်းသူများဆိုသည်မှာ မသန်သော်လည်း စွမ်းကြသူများဖြစ်ကြောင်း၊ သူတို့သည်လည်း လူသားများပင်ဖြစ်ကြောင်း၊ သူတို့ကို လူ့အသိုင်းအဝိုင်းမှ စွန့်ပယ်ထား၍မရကြောင်းနှင့် သင်တန်းကျောင်းများဖွင့်လှစ်ပြီး ထောက်ပံ့ပေးနေမှုများကို ရှင်းလင်းဆွေးနွေးခဲ့သည်။

 

ယင်းနောက် ရွှေပုလဲအဖွဲ့မှ Project Assistant ဦးထက်ထက်ဟိန်းက မသန်စွမ်းသူများအတွက် ဆောင်ရွက်ပေးရမည့် လိုအပ်ချက်များနှင့် မသန်စွမ်းသူများဘဝသို့ ရောက်ရှိသွားရသည့် အကြောင်းရင်းများကို ဆွေးနွေးပြောကြားခဲ့ပြီး မာရီစတုပ်စ်မြန်မာမှ ဒေါက်တာမွန်မွန်ရည်က လိင်နှင့် မျိုးဆက်ပွားကျန်းမာရေးဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် Save The Children မှ ဒေါက်တာကျော်မျိုးထက်က အဖွဲ့၏ဆောင်ရွက်နေသည့် လုပ်ငန်းများကို ဆွေးနွေးခဲ့သည်။

 

ဆက်လက်၍ တက်ရောက်လာကြသည့် ပရဟိတအဖွဲ့များနှင့် မသန်စွမ်းသူများ၏ မေးမြန်းချက်များကို တာဝန်ရှိသူများမှ ပြန်လည်ဖြေကြားခဲ့သည်။ အဆိုပါအစည်းအဝေးသည် Save The Children, ရွှေပုလဲနှင့် မာရီစတုပ်စ်မြန်မာ အဖွဲ့ ၃ ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

 

မြင့်အောင်(ပြန်/ဆက်)