၉ ဩဂုတ်

 

တောင်ငူ ၅၂ မြို့တွင်ပါဝင်သောမြို့ ၅ မြို့မှာ ကျောက်မော်၊ ကျောက်စရစ်၊ ကျောက်ကြီး- ကတ်ကြေး၊ ကျောက်ဖျာ (ကြောင်ပြာ)၊ ကျောက်စောင်းတို့ဖြစ်ပြီး ဒေသခံများက ကျောက်မော် ၅ မြို့ဟု ခေါ်ကြသည်။ ကျောက်မော်နှင့် ကြောင်ပြာမှာ မူလကဟံသာ၀တီ ၃၂ မြို့တွင် ပါဝင် သော်လည်း တောင်ငူခေတ် မင်းကြီးညိုလက်ထက်မှစ၍ တောင်ငူပိုင်သောနယ် ဖြစ်လာခဲ့သည်။

 

ကျောက်မော်မြို့

 

၁၁၄၆ ခုနှစ်၊ တောင်ငူစစ်တမ်းတွင် “ကျောက်မှော်’’ ဟုရေးသည်။ မြို့သူကြီး ပျံချီကျော်စွာ(နံ ၄) အသက် ၃၄ နှစ်ကို မေးသော်ဆိုသည်။ ကျောက်မော်မြို့ကို ဟံသာ၀တီ ရောက်မင်းထက် ဘိုးငစံလှ၊ ငလှ ကြီးစိုးစီရင်သည်။ မရှိလျှင် ငလှတွင် သားမရှိ၊ ညီငတုတ်ကျော် ကြီးစိုးစီရင်သည်။ မရှိလျှင် သားကျွန်တော် ပျံချီကျော်စွာ ဆက်ခံကြီးစိုးစီရင် သည်။ ကျော်မော်မြို့နယ်သည် အရှေ့ကိုတာ ၁၀၀၀၀ ခန့်ကွာ သံလွင်မြစ်ထိ ၊ တဘက်ဇင်းမယ်မြေနှင့်ကျောခိုင်း၊ အရှေ့တောင်ကို ၅ တိုင်ကွာကျောက်ချမ်း၊ တောင်ပိန်း၊ ပင်မဲမောင်အထိ တဘက်ရွှေကျင်မြေနှင့် ကျောခိုင်း၊ တောင်ကို ၈ တိုင်ကွာ ဘုရားသုံးဆူ၊ ဂုံတိုင်အင်း ဆွဲတလွဲ တောင်အထိတဘက် ရွှေကျင်မြေနှင့် ကျောခိုင်း၊အနောက် တောင်ကို တာ ၁၀၀၀၀ ခန့်ကွာ ညောင်ပင်သာ၊ သရက် ကိုင်းကျိုး ၊ သဲဖြူချောင်း ဥနှဲပင် မင်းလမ်းမထိ ၊ အနောက် ကိုတာ ၁၀၀၀၀ ခန့်ကွာ ကျွဲမကူး၊ ကျောက်လုံးကြီး၊ သေပလဲအင်ပင်ထိ ၊ တဘက်ဇေယျ၀တီမြေနှင့် ကျော် ကိုင်း အနောက်မြောက်ကို အင်းသုံးပင် ရေလဲချောင်း၊ အသဝီထိ၊ တဘက်ကျောက်ကြီး၊ ကတ်ကြေးကြောင်ပြာ မြေနှင့်ကျောခိုင်း၊ မြောက်ကို တာ ၁၀၀၀၀ ကွာ ရေတံခွန် စိုင်သဲထိ၊ တဘက်ကျောက်ကြီး ကတ်ကျေးမြေထိ၊ အရှေ့မြောက်ကို တာ၁၀၀၀၀ ကျော်ကွာ လိုမတိကျောက် တောင်ထိ တဘက်ဇင်းမယ်မြေနှင့်ကျောခိုင်း၊ ဤနယ် ၈ ရပ်အတွင်း လုပ်သားတို့မှာ ကျွဲတရှဉ်းလျှင် အခွန်စပါး ၁၀ တင်း၊ ကြွက်စား ၁ တင်း၊ ဝန်စားတတင်း ရေးစား တခွဲ၊ ကျီးစိုး ၁ တင်း၊ ကျီစာရေး ၁ ခွဲ၊ သူကြီးစား ၁ တင်း အင်းဆည်လုပ်သူတို့မှာ တကိုယ်လျှင်ခွန်မငွေရွက်နီ ၂ ကျပ်၊ ပိုက်လုပ်သူတို့မှာ ခွန်သေတနှစ်လျှင် ပိုက်တ ဘောင်ရှိ ၊ ကွန်လုပ်သူတကိုယ်လျှင် ၊ သစ္စးခွန်အထက် ထိုး ၊ အောက်ထိုး ၂ မတ် ကိုင်းရာခွန် ဓားမတစင်းလျှင် ငါးမူး၊ သစ်ရင်းခွန်လှည်း ၁၀ စီးလျှင် ဝန်စား ၁ ကျပ်၊ ရေားငါးမူး၊ ကင်းကိုင်ကင်းရေး ၁ မူး၊ ဆားငါးပိမှာ ထုံးဝါ ၁ လုံးလျှင် ၆ မူး၊ ကင်းကိုင်ကင်းရေး ၁ ပဲ၊ လိပ်သောင် ခွန်သေ ငွေရွက်နီ ၄၀ ကျပ်၊ တောင်ယာလုပ်ကရင်တို့မှာ တခမ်းလျှင်စပါး ၅ တင်း ထမ်းရသည်။ ဆင်ဖြူရှင်ဘုရား လက်ထက်ကသည် ရွှေလက်ထက်တော်တိုင် စပါး မဆက်ရ။ စပါး ၅ တင်းအဘိုး ငွေရွက်နီ ၁ ကျပ်၊ ခွန်မ လျှင် ဝန်စား ၊ ရေးစားငါးမူး အခွန်ကို မြို့စား ရှိလျှင် မြို့စားကို ဆက်ရိုး၊ မြို့စားမရှိလျှင် တောင်ငူ တိုက်တော်မှာ ဆက်သွင်းရသည်။ ကွမ်းသီးခွန်ထမ်း ကရင်တို့မှာ တနှစ်လျှင်အခွန်တော် ကွမ်းသီး ၃၇၀ ပိဿ၊ ဝန်စား ၁၃၊ အဆောင် ၃၇၊ ရေးစား ၅၀၊ တံခါးနီ ၂ ပိဿ၊ အခွန်တော်ကို မြို့စားကသိမ်းခံ၍ဆိုင်ရာ ဆက်သွင်း ရိုးမြို့စားမရှိလျှင် တောင်ငူအခွန်ဝန် အခွန်စာရေးတို့က သိမ်းခံ ဆက်သရသည်။ ကျွဲဝင်နွားဝင်၊ တရားကွမ်းဘိုး စီရင်ရသည်များကို အရာတော် တဝက်ဆက်သွင်းရသည်။ ကျောက်မော်မြို့သူကြီး ပျံချီကျော်စွာ ထွက်ဆိုချက်နှင့် တင်ဆက်သည့် စာရင်းဘုရား။

 

ကျောက်မော်မြို့ကို တောင်ငူရာဇဝင် တီ ၉ တီတွင် ‘‘သေလာ၀တီ’’ ဟုခေါ်တွင်သည်။ စစ်တောင်းမြစ်အရှေ့ ဘက်ကမ်း တောင်ငူ မုပ္ပလင်ကားလမ်းပေါ်တွင် တည်ရှိ သည်။ ဂဝံဖြင့် တည်ဆောက်ထားသော မြို့ရိုးရှိသည်။ မြို့ဟောင်း၏တောင်ဘက် ဘောဂထချောင်းနံဘေးတွင် ဉာဏ်တော် ၉၉ တောင်မြင့်သော ကျောက်မော်စေတီတည်ရှိ သည်။ မြတ်စွာဘုရား၏ ဆံတော်နှင့် သွားတော်ဓာတ် ဌာပနာထားပြီး သီရိမာသောကမင်းက တည်ထားခဲ့သည်။

 

ကျောက်ကြီးကပ်ကျေးမြို့

 

ယခု ကျောက်ကြီးမြို့ဖြစ်သည်။ ကျောက်ကြီးချောင်း က မြို့ကို ၂ ပိုင်းခွဲခြားထားသည်။ တောင်ငူစစ်တမ်း (၁၁၄၆ ခုနှစ်)တွင် ကျောက်ကြီးကပ်ကျေးရွာသူကြီး ငဆုတောင်း (အသက် ၂၀) ကိုစစ်မေးရာ ဤရွာကို ကျွန်တော်၏ ဘေး ငသော်ဦး ကြီးစိုးစီရင်သည်။ မရှိလျှင်သား ငချစ်ဆွေ ကြီးစိုး သည်။ မရှိလျှင်သား ငကျော်ဦး ကြီးစိုးသည်။ သားငချေအို ကြီးစိုးသည်။ ငချေကို အိုမစွမ်းမဆောင် မရွက်နိုင်လျှင် သား ကျွန်တော် ငဆုတောင်းဆက်ခံကြီးစိုးစီရင်သည်။

 

ကျောက်ကြီးကပ်ကျေးရွာနယ်သည် အရှေ့ကို တာနှစ် သောင်းကွာ လိုမထိ ဇော်ဂျီတောင်ကြီး အထိ၊ တဘက် မင်းတပ်မြေနှင့်ကျောခိုင်း၊ အရှေ့တောင်ကို တာတသောင်း ၅ တိုင်ကွာ ဘောဘယ်ထိုမှိုင်းသယ် အထိ၊ တဘက်ကျောက် မော်မမြေနှင့်ကျောခိုင်း၊ တောင်ကို ၄ တိုင်ကွာ ကျောက် တန်းအထိ၊ တဘက်ကျောက်မော်မြေနှင့် ကျောခိုင်း၊ အနောက်တောင်ကို ၅ တိုင်ကွာ နောင်ကုန်းအသဝီ အင်းထိ၊ တဘက် ကျောက်စရစ်မြေနှင့် ကျောခိုင်း၊ အနောက်ကို ၄ တိုင်ကွာ ရေလဲအင်ပင် ၃ ပင်အထိ၊ တဘက်ကြောင်ပြာ မြေနှင့်ကျောခိုင်း၊အနောက်မြောက်ကို ၂ တိုင်ကွာ မိကျောင်း ခေါင်းအင်း မြောက်ဘက်တောင်ပို့ ၃ လုံးအထိ တဘက် ကြောင်ပြာမြေနှင့်ကျောခိုင်း၊ အရှေ့မြောက်ကို တာ ၁၀၀၀၀ ကွာ ရေတံခွန်ထိ တဘက်မင်းတပ်မြေနှင့် ကျောခိုင်း၊ နယ်ရှစ်ရပ်အတွင်း ဝတ်မိုးဝတ်မြေမရှိ၊ နယ်အတွင်း လုပ်သားတို့မှာ ကျွဲတရှဉ်းလျှင် စပါး ၁၀ တင်း အခွန်ထမ်း ရသည်။ ကိုင်းလုပ်သူတို့မှာ ဓားမတစင်းလျှင် ငွေရွက်နီ ၂ မတ် ၊ အင်းခွန်တကိုယ်လျှင် ခွန်မရွက်နီ ၊ တောင်ယာ လုပ်ကရင်တို့မှာ တခန်းလျှင် စပါး ၅ တင်း၊ အဘိုးငွေ ရွက်နီ အခွန်ကို ရွာစားရှိလျှင် ရွာစားမှာ ဆက်သွင်ရိုး၊ ရွာစား မရှိလျှင် တောင်ငူကို ကျီးတော်တိုက်တော်မှာ ဆက်သ ရသည်။

 

ကွမ်းသီးထမ်း ကရင်တို့မှာ အခွန်တော် ကွမ်းသီးချိန် ၇၂၀ ပိဿ ၊ ရေးစားပင်အဆောင် ၇၂ ၊ ကြီးစား ၇၂ ၊ တိုက်စိုး ၃၆ ၊ တံခါးနီ ၇ ၊ ထမ်းရသည်။ အခွန်တော်ကိုရွာစားက ဆက်သွင်းရိုး၊ ရွာစားမရှိလျှင် တောင်ငူမြို့အခွန်ဝန်စာရေး တို့က ဆက်သွင်းရသည်။ အပေါ်ဝန်အကောက်အစား တရား ကွမ်းဘိုးတို့ကို ရွာစားရှိလျှင် ရွာစားက အရာတဝက်ဆက် သွင်းရိုး၊ ရွာစားမရှိလျှင် တောင်ငူမြို့ဝန်ရုံးမှာ ဆက်သွင်း ရသည်။

 

ကျောက်ကြီးမြို့တောင်ငူတန်းရပ်ရှိ ရွှေကူစေတီမှာ သူကြီးမောင်ဆုတောင်းက ဘိုးတော်ဘုရား အမိန့်ဖြင့် တည်ထားခဲ့သည်။ တပြည်လုံးတွင် ရွှေဂူစေတီ ၂၅၀ ခန့် ထိုစဉ်က တည်ခဲ့သည်။ ဆေးရုံအရှေ့ဘက်ရှိ မင်းအိုကြီး ဘုရားမှာ မောင်ဆုတောင်း၏ ဘခင်သူကြီး ငချေအို တည်ခဲ့ ကြောင်း သိရသည်။ ထိုစဉ်က ရှင်သီ၀လိခြေတော်ရာ မပေါ် ပေါက်သေး၍ စစ်တမ်းတွင် မပါရှိပေ။ ခြေတော်ရာမှာ ဘကြီးတော်ဘုရားလက်ထက်ကျမှ ပေါ်ထွန်းလာခြင်း ဖြစ်သည်။

 

ကျောက်စရစ်မြို့

 

ယခုကျောက်တံခါးမြို့နယ်တွင် ပါဝင်ပြီး စစ်တောင်း မြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ ကျောက်တံခါး သမင်အင်းကုန်းမှတစ်ဆင့် သွားရသည်။ မြို့ရိုးတစ်ပတ် လည် နီးပါးကျန်ရှိသည်။ တောင်ဘက်မြို့ရှိ အစိတ်အပိုင်းမှာ လယ်ကွက်များဖြစ်နေသည်။

 

၁၁၄၆ ခုနှစ် စစ်တမ်းတွင် ကျောက်စရစ်မြို့သူကြီး ငပြော် (အသက် ၄၅)နှစ် ကိုစစ်မေးသော ကျောက်စရစ်မြို့ကို ကျွန်တော်၏ ဘေးငနေထွန်း ကြီးစိုးသည်။ မရှိလျှင် သားဇေ ယျာအောင်ကြီးစိုးသည်။ မရှိလျှင် သားငစံပွင်၊ မရှိ လျှင်ကျွန်တော်ငပြော်ဆက်ခံကြီးစိုးသည်။ ကျောက်စရစ်မြို့နယ် သည် အရှေ့ကို ၂ တိုင်ကွာ ကျောက်တန်းချောင်းဟောင်း အထိ၊ တဘက်ကျောက်မော်မြေနှင့် ကျောခိုင်း၊ တောင်ကို ၃တိုင်ကွာ ဆိတ်ပေါက်မြောင်း၊ ပဲပင်ဘုရား၊ သစ္စးပင်ကုန်း အထိ၊ တဘက်ရဲလှမြို့မြေနှင့်ကျောခိုင်း၊ အနောက်တောင် ကို တာ ၁၀၀၀ ကွာ ဘုရား ၃ ဆူ၊ သရက်ကိုင်းကျိုးအထိ၊ တဘက်တုံးခန်းမြေနှင့် ကျောခိုင်း၊ အနောက်ကို ၅ တိုင်ကွာ ကွေတပ်မြို့ မင်းလမ်းအထိ၊ တဘက်တုံခန်းမြေနှင့် ကျောခိုင်းအနောက်မြောက်ကို တာ ၁၀၀၀၀ ကွာ သစ် ခေါင်းပင်ခွ ၊ ကညင်ဒိုင်းအထိ ၊ တဘက်ဇေယျ၀တီမြေနှင့် ကျောခိုင်း၊ အရှေ့ မြောက်ကို တာ ၁၀၀၀ ကွာ ငထွေစုတ် အင်း၊ မြက်ရဲအင်း၊ နောင်ကုန်းအထိ၊ တဘက်ကပ်ကြေးမြေ နှင့် ကျောခိုင်း၊ နယ်ရှိရပ်အတွင်း ကိုင်းလုပ်ဓါးမတစင်းလျှင် ခွန်မငွေရွက်နီ ၂ မတ်၊ လယ်လုပ်သူကျွဲတရှဉ်းလျှင် ခွန်မ စပါး ၁၀ တင်း၊ အင်းဆည်လုပ်သူတို့မှာ လူတကိုယ်လျှင် ခွန်မငွေ ၊ အခွန်ကို မြို့စားရှိလျှင် မြို့စားမှာ ဆက်သွင်းရိုး၊ မြို့စားမရှိလျှင် တောင်ငူတိုက်တော်၊ ကျီတော်မှာ ဆက်သွင်းရသည်။

 

ကြောင်ပြာမြို့

 

ကျောက်ဖျားခေါ် ကြောင်ပြာမြို့ အကြောင်းကို သီးခြား ဆောင်ပါးတစ်ပုဒ် ရေးသားတင်ပြထားသဖြင့် ဤနေရာ တွင် မဖော်ပြတော့ပါ။

 

ကျောက်စောင်း

 

ကျောက်စောင်းရွာမှ ဖြူးမြို့နယ်တွင် ပါဝင်ပြီး စစ်တောင်းမြစ် အနောက်ဘက်ကမ်းတွင် တည်ရှိသည်။ စစ်တောင်းမြစ် ကမ်းပါးပြိုသဖြင့် မူလရွာဟောင်းမှာ မရှိတော့ပါ။ မင်းတရားရွှေထီးနားတော်သွင်းချောင်းတွင် ‘‘ မြို့ကြီးမြို့ငယ်၊ အံ့ဖွယ်သရဲ၊ ရမစဲတည့်၊ သနဲကျောက်ဖျာ’’အခါ ကပ်ကြည်၊တလည်လည်လျှင်၊ချေမည် ရှမ်းရပ်၊ တလိုင်း စပ်ကို၊ ရွပ်ရွပ်နင်းချိုး၊ ဘုန်းတန်ခိုးဖြင့် ခုတ်ထိုးကြေညာ’’ ဟု၎င်း။

 

‘‘တောအောင်စေခိုင်း၊ ရှမ်းအရိုင်း တို့၊ စုဆိုင်းအများ၊ ကျောက်မော်စား နှင့် မြို့အားပြည်ဝန်၊ စည်းညှိပြန်မှ ရှေးလွန်စင်လျှင်၊ မုန်သွင်သွင်တိ၊ ရှေ့ဆင်ထွေပြီး၊ ရှေ့နောက်ဆီးလည်း၊ မတ်ကြီးမြေးသား၊ ပျိုးထွားရည်မှန်၊ ယုံသည်ကျွန်ကား၊ ဘို့ဝန်တာဝေ၊ စွဲကြလေဟု၊ မိန့်ထွေအရေး၊ မည် ရည်ပေးလျက်၊ ရွှေကျေးပင်လွှတ်၊ စီးတိုင်းပြတ်ရှင့်၊ ဆိုင်းလတ်စူးစား၊ သိုတိုင်သွားကို၊ ခုန်လွှားကထက်၊ တချက်ခုတ်ပိုင်း၊ စက်နှယ်ပြိုင်းလျက်၊ သန်ကိုင်းမလွတ်၊ အစုံပြတ်၍ ဝှန်ပတ် ပေါက်ပြ၊ ဆင်ကျော်ရသည်။ ရှင့်ဘမ နိုင်တောင်းတည့် ပွင့်ညောင်းနက်ရှင့် သွေး၊ ကြေရှုံးပျက်သည်။ ပြေးထွက် ပျားနှယ် ရောင်းထည့်အကြောင်း မှတ်ဘိသော။

 

‘‘ဘုန်းကြွယ်ရှင့်ဘ၊ အားလုံးရရှင့်၊ တေဇထွန်ဟန်၊ ရပ်စွန်တိုင်းကား မြစ်မနား’’ ကို အများပုံပင် ပြင်ဆင် ထွေဖြီး၊ ယူစေပြီး သော်၊ ဆင်စီးမြင်းသည်၊ ကာတည်သူရဲ၊ လေးစွဲချပ်ဝတ်၊ ပျိုထွက်ရည်မွန်၊ ထိုမျှကျွန်လည်း စောင်မာန်ရဲခက်၊ ထွန်းထိန်စက်သို့၊ ‘ကျောက်ချက်၊ မြောက်မှာ၊ ‘ကျောက်ဖျာ တောင်စွန်၊ ရချေပြန်သည်’’ ။ ဟုရေလွှဲ ၅ ခရိုင်မြောက်ဖက်ကျောက်ချက်မှ၊ တောင် ဘက်၊ ကျောက်ဖျာ (ကြောင်ပြာ)အထိ၊ မင်းကြီးညို သိမ်းယူခဲ့သည်ကို ဧချင်းတွင် ရေးသားဖော်ပြထားသည်။

 

ဆည်မြောင်းမြို့

 

၂၀၁၆ ခုနှစ် မတ်လက ကျောက်ကြီးသံဘိုလမ်းမှ အတွင်းဘက်သို့ တစ်မိုင်ခန့်ဝေးသောနေရာရှိ ရှေးမြို့ဟောင်းတစ်ခုသို့ ရောက်ခဲ့ပါသည်။ ကျောက်စာတစ်ခုရှိ သည်ဟု မိတ်ဆွေတစ်ယောက်က ပြောသဖြင့် သွားရောက်ခဲ့ခြင်း ဖြစ်ပါသည်။ လွန်ခဲ့သည့် နှစ်တစ်ရာခန့်က ဘုန်းတော်ကြီး ကျောင်းမှစေတီနှင့် သိမ်မော်ကွန်း ကျောက်စာဖြစ်ပါသည်။ ဆည်မြောင်းမြို့ဟု ကျောက်စာ တွင် ပါရှိသည်။ ဒေသခံတို့က ထိုကျောင်း၏ မြောက်ဘက် တွင် ဆည်မြောင်းမြို့ဟောင်း ရှိကြောင်းပြောပြသဖြင့် သွားရောက်ကြည့်ရှုခဲ့ပါသည်။ မြို့ရိုးကဲ့သို့ ကုန်းတန်း တစ်ခုကို ဖြတ်ဖောက်ထားသောလမ်းအတိုင်း မော်တော် ဆိုင်ကယ်ဖြင့် ဝင်ခဲ့ကြသည်။ ရှောက်ပင်၊ ကျွဲကောပင်ခြံ များကို တွေ့ရသည်။ အတန်ငယ် ဆက်သွားကြသောအခါ ၁၅ ပေခန့်မြင့်သော ကုန်းတန်းကြီးကို တွေ့ရသည်။ ချောင်းရေစီးသံကိုလည်း ကြားရသည့် ဆည်မြောင်းမြို့၏ မြောက်ဘက်မြို့ရိုးဖြစ်ပါသည်။ မြို့ရိုးအောက်ခြေတွင် စီးဆင်းနေသော သံဘိုချောင်းကိုတွေ့ရသည်။ ဂူဂဲလ်မြေပုံ တွင် ကြည့်သောအခါ အဝိုင်းပုံစံမကျတကျ မြို့ရိုးရာ ကြီးကိုတွေ့ရသည်။

 

တောင်ငူ ၅၂ မြို့စာရင်းတွင် တောင်ငူမြို့၏ အရှေ့ တောင်ဘက်မြို့ရံများတွင် ရှားစေးမြို့၊ ကသောင်း တောင်မြို့၊ မြို့သစ်မြို့၊ ကုလားမြို့၊ မင်းတပ်မြို့၊ မုန်းမြို့၊ ကြောင်ပြာမြို့၊ ကျောက်မော်မြို့၊ ၀တီးမြို့၊ ဆည်မြောင်းမြို့ ရွှေလွန်တောမြို့၊ ဗာရာဏသီမြို့ဟူ၍ မြို့ ၁၂ မြို့ရှိသည်။ ဆည်မြောင်းမြို့မှာ တစ်မြို့အပါအဝင်ဖြစ်သည်။ သံဘို ချောင်း၏ တောင်ဘက်လမ်းတွင်ရှိသော ခံတပ်မြို့တစ်မြို့ ဖြစ်သည်။ မြောက်ဘက်မြို့ရိုးမှာ ၁၅ ပေခန့် မြင့်သေး သည်။ ကြောင်ပြာနှင့် တစ်ခေတ်တည်းပေါ်သော မြို့ ဖြစ်နိုင်ပါသည်။

 

ကျောက်ကြီးနှင့် ကျောက်မော်ကြား ဘုရားလေး ကုန်းဟုခေါ်သော မြို့ဟောင်းတစ်ခုလည်း ရှိသေးသည်။ အရှေ့အနောက်တန်းနေသော မြို့ရိုးကို ဖြတ်ကာ တောင်ငူ၊ မုပ္ပလင်လမ်းကို ဖောက်ထားသည်။ လမ်း အနောက်ဘက် မနီးမဝေးတွင် ကျောက်ကြီးချောင်း ရှိပါသည်။ ကျောက်ကြီးမြို့နယ်အတွင်းတွင် ကြောင်ပြာမြို့ ဆည်မြောင်းမြို့၊ ကျောက်ကြီးမြို့၊ ကျောက်မော်မြို့နှင့် မထင်ရှားသော ဘုရားလေးကုန်းမြို့ဟောင်းများ တောင် မြောက်တန်းကာ တည်ရှိနေပါသည်။ ယခုအခါ နယ်မြေ အေးချမ်းသာယာလာပြီးဖြစ်၍ သေချာစွာ လေ့လာကာ ထိန်းသိမ်းသင့်သော အမွေအနှစ်များဖြစ်ပါသည်။ ။

 

သောင်းကေတု