မင်းဘူး ၁၇ သြဂုတ်
မင်းဘူး(စကု)မြို့နယ်ရှိ ကျောက်မီးသွေးလုပ်ကွက်တစ်ခုတွင် အမျိုးသမီးလုပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရ သေဆုံးသွားခဲ့ကြောင်း စကုနယ်မြေရဲစခန်းမှ သိရသည်။
ဖြစ်စဉ်မှာ သြဂုတ်(၁၆)ရက်နေ့ မွန်းလွဲ(၃) နာရီခွဲအချိန် မင်းဘူးမြို့နယ်၊ အိုင်းမရဲကင်းစခန်းမှူး ရဲအုပ် ခင်မောင်ဇော် တာဝန်ဆောင်ရွက်နေစဉ် ဘုရားကျေးရွာအနီးရှိ “ ဟန်ထက် “ကျောက်မီးသွေးကုမ္ပဏီလုပ်ကွက်အတွင်း၌ လူတစ်ဦးသေဆုံးသွားကြောင်း သတင်းအရ သွားရောက်စစ်ဆေးခဲ့ရာ သေဆုံးသူမှာ မတင်နု ၊ ၄၀နှစ်၊ မြေနီတဲတိုက်၊ ငဖဲမြို့နယ်နေသူဖြစ်ပြီး နောက်ကျော ဝဲ/ယာ နံနှစ်ဖက်ညိုမဲ၊ ယာလက်ကောက်ဝတ်ကျိုးပဲ့ဒဏ်ရာဖြင့် သေဆုံးနေသည်ကို စစ်ဆေးတွေ့ရှိရသဖြင့် စုံစမ်းခဲ့ရာ” ဟန်ထက်” ကျောက်မီးသွေးလုပ်ကွက်အတွင်း ဘတ်ဟိုးဖြင့် တူးဖော်ထားသော ကျောက်ကမ်းပါးယံအောက်ခြေ၌ မတင်နု၊ အသက်နှင်းဝေ၊ မဖြူဝင်း၊ ဒေါ်ရီချို တို့လေးဦးသည် ကျောက်မီးသွေးများအား ကောက်သင်းကောက်ယူနေကြစဉ် ကျောက်ကမ်းပါးယံ၏ အမြင့်(၆)ပေခန့်တွင်ရှိသော အလျား(၁)တောင်ထွာ၊ အနံ(၁)တောင်ခန့်ရှိသော ကျောက်ချပ်မှာ မတင်နု ခန္ဓာကိုယ် ပေါ်သို့ပြုတ်ကျခဲ့သဖြင့် ထိခိုက်ဒဏ်ရာရရှိပြီး အခင်းဖြစ်နေရာတွင် သေဆုံးသွားခဲ့ကြောင်း စစ်ဆေးသိရှိခဲ့ခြင်းဖြစ်သည်။
သေဆုံးမှုနှင့်ပက်သက်၍ မင်းဘူးမြို့နယ်၊ စကုနယ်မြေရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်ဖြင့် အမှုဖွင့်ထားကြောင်း သိရသည်။
ကျော်ဇေယျ