ကျောက်မီးသွေးမိုင်းအတွင်း ပေါက်ကွဲမှုဖြစ်ပွားရာ တရုတ်နိုင်ငံသားတစ်ဦး အပါအဝင် လူခြောက်ဦးဒဏ်ရာရ

ကလေးဝ  ၁၉  မေ 

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးဝမြို့နယ်၊ သစ်ချာက်ကျေးရွာအုပ်စုရှိ မြန်မာ့စီးပွားရေး ဦးပိုင်လုပ်ကွက် အတွင်းရှိ မြန်မာ့စီးပွားရေး ဦးပိုင်နှင့် အကျိုးတူပူးပေါင်းဆောင်ရွက်သည့် ထူးဟန်သစ် ကျောက်မီးသွေးကုမ္ပဏီ၏ ကျင်းအမှတ် ၂ အတွင်းပိုင်း ပေ ၅၀ဝ အကွာတွင် မေလ ၁၉ ရက် ညနေ ၅ နာရီ အချိန်ခန့်က ကျောက်မီးသွေး တူးဖော်ရာတွင် အသုံးပြုသည့် ယမ်းဖောက်ခွဲရာမှ အီသိန်းဓာတ်ငွေ့ ထိတွေ့၍ ထပ်ဆင့်ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ရာ တရုတ်နိုင်ငံသား ၁ ဦးနှင့် မြန်မာနိုင်ငံသား ၅ ဦး ဒဏ်ရာများရရှိခဲ့သည်။

 

အဆိုပါ ပေါက်ကွဲမှုဖြစ်စဉ်တွင် ဦးစိုးအောင် ၃၈ နှစ်၊ ဦးမျိုးသန့်ထွန်း (၂၃) နှစ်၊ ဦးမျိုးခန့်(၃၅)နှစ်၊ ဦးပြည့်ဖြိုးအောင်(၁၈)နှစ်၊ ဦးမောင်ကျော်(၂၆)နှစ်နှင့် တရုတ်နိုင်ငံသားတစ်ဦးတို့ မီးလောင်ဒဏ်ရာများ ရရှိခဲ့ပြီး တရုတ်နိုင်ငံသားနှင့် ဦးမောင်ကျော်တို့မှာ စိုးရိမ်ရသဖြင့် ကလေးမြို့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပြီး ကျန် ၄ ဦးမှာ ကလေးဝမြို့ ပြည်သူ့ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကာ ဖြစ်စဉ်နှင့်ပတ်သက်၍ သတ္တုတွင်းဌာနနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ စိစစ်အရေးယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

သီဟ(ပြန်/ဆက်)