နေပြည်တော်  ၂၀  နိုဝင်ဘာ

မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်း ရွှေကြာပင် ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှု နည်းပညာ သင်တန်းကျောင်း၏ သင်တန်းအမှတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် နေပြည်တော် ကျောက်မျက်ရတနာ အချောထည်ဈေးဝင်း(ရွှေကြာပင်)ရှိ အဆိုပါ သင်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

 

4258

 

ရှေးဦးစွာ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာနှင့် တာဝန်ရှိသူများက ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာ သင်တန်းအမှတ်စဉ်(၃)ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။

 

03322

 

ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေက အမှာစကားပြောကြားရာတွင် တွင်းထွက်သယံဇာတများကို အရိုင်းအတိုင်း ရောင်းချသည့်နိုင်ငံများထက် အချောထည်အဖြစ် ထုတ်လုပ်ရောင်းချသည့် နိုင်ငံများသည် သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီး မှုမရှိဘဲ ဈေးကွက်အကျိုးအမြတ်ကိုလည်း အများဆုံးရရှိသည်ကို တွေ့ရှိရပါကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ အနေဖြင့် သဘာဝ သယံဇာတများကို တူးဖော်ထုတ်လုပ်ခြင်း၊ အရိုင်းအတိုင်း ရောင်းချခြင်းကို ကန့်သတ်လျှော့ချ၍ တန်ဖိုးမြင့် အချောထည်များ ပြုလုပ်ရောင်းချရေးနှင့် နိုင်ငံတကာ ဈေးကွက်ရရှိရေးကို အလေးထားဆောင်ရွက်သွားရန် လိုအပ်ပါကြောင်း။

ယခုသင်တန်းများသည် နိုင်ငံတော်၏ သယံဇာတ အချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကနဦးခြေလှမ်း ဖြစ်ပါကြောင်း၊ သင်တန်းသားများ အနေဖြင့်လည်း ဘာသာရပ်များကို ကောင်းစွာလေ့လာသင်ယူပြီး ကျောက်မျက် အချောထည်ကဏ္ဍ  ဖွံ့ဖြိုးတိုးတက်ရေးကို ဆက်လက်ကြိုးစားဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း ပြောကြားသည်။

 

0377

 

ယင်းနောက် မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးလဖိုင်ခွန်ဆာက သင်တန်းကျောင်း၏ အဓိက ရည်ရွယ်ချက်များ အောင်မြင်ရေးနှင့် သင်တန်းကျောင်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်း၏ ပံ့ပိုးဆောင်ရွက်မှုများကို ရှင်းလင်းတင်ပြသည်။

ထို့နောက် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်ရွှေ က လက်ရှိတွင် သင်တန်းကျောင်း အဆင့်မြှင့်တင် ဖွင့်လှစ်ထားရှိမှု အခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်း စဉ်များနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြပြီး The Academy for Skills & Knowledge မှ မန်နေဂျင်းဒါရိုက်တာ ဦးအေးချမ်းကိုကို က သင်တန်းကျောင်းအတွက် ကျွမ်းကျင်မှုအခြေပြု သင်ရိုးညွှန်းတမ်း ရေးဆွဲရေးနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများသည် သင်တန်းသား၊ သင်တန်းသူများ၏ စာတွေ့၊ လက်တွေ့ သင်ယူမှု အခြေအနေများကို လှည့်လည်ကြည်ရှုကြသည်။

မြန်မာနိုင်ငံ၏ ကျောက်မျက်ရတနာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သည့် ကျွမ်းကျင် လုပ်သားလူ့စွမ်းအားအရင်းအမြစ်များ စဉ်ဆက်မပြတ် မွေးထုတ်ပေးနိုင်ပြီး နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်ဝင်ရောက် နိုင်ရေးတို့ကို ပံ့ပိုးနိုင်ရန် ရည်ရွယ်၍ ကျောက်မျက်နှင့် လက်ဝတ်ရတနာ သက်မွေးမှုနည်းပညာ သင်တန်းကျောင်းကို ဖွင့်လှစ်သင်ကြား ပေးလျက်ရှိကြောင်း သိရသည်။

သတင်းစဉ်

{Myanmar Digital News ၏ သတင်းများကို http://www.mdn.gov.mm ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။}