နေပြည်တော် ၆ နိုဝင်ဘာ

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့် မြန်မာ့ကျောက်မျက်ရတနာ ပြပွဲဗဟိုကော်မတီသည် ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမတွင် ၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ (၂)ရက်နေ့မှ (၇)ရက်နေ့အထိ ကျင်းပပြုလုပ်မည်ဖြစ်သည်။

ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲတွင် နိုင်ငံသားကျောက်မျက်ရတနာ လုပ်ငန်းရှင်များက တင်ပြရောင်းချလိုသည့် ကျောက်စိမ်းအတွဲစာရင်း လျှောက်လွှာများကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၈)ရက်မှ (၂၉)ရက်အတွင်း ကျောက်စိမ်းလုပ်ငန်းကော်မတီသို့ လာရောက်လျှောက်ထားရမည် ဖြစ်သည်။

ရောင်းချပွဲတွင် တင်ပြရောင်းချမည့် ကျောက်မျက်ရတနာများ စစ်ဆေးလက်ခံခြင်း၊ အခြေခံရောင်းဈေး ညှိနှိုင်းသတ်မှတ်ခြင်း၊ ခင်းကျင်းနေရာချထားခြင်းများကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၆)ရက်မှ (၂၀)ရက်အထိ သက်ဆိုင်ရာလုပ်ငန်းရှင်များနှင့် ညှိနှိုင်းဆောင်ရွက်ပေးမည် ဖြစ်သည်။

ကျောက်မျက်ရတနာရောင်းချပွဲသို့ မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေနှင့်အညီ ခွင့်ပြုမိန့်ရရှိသူနှင့် လိုင်စင်ရရှိသူများ၊ မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေနှင့်အညီ မှတ်ပုံတင်ထားသူများ၊ မြန်မာနိုင်ငံ ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းဝင် နိုင်ငံသားများကို သတ်မှတ်ချက်များနှင့်အညီ ရောင်းချပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်သည်။

မြန်မာ့ကျောက်မျက်ရတနာ ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ခွင့်ပြုမိန့်နှင့် လိုင်စင်ရယူထားသူများကို ဝယ်ယူခွင့်ပြုမည် ဖြစ်သည်။ ကျောက်မျက်ရတနာ ရောင်းချပွဲသို့ တက်ရောက်ဝယ်ယူလိုသော နိုင်ငံသား ရတနာကုန်သည်များသည် သတ်မှတ်ထားသည့် အာမခံစပေါ်ငွေနှင့် ဝင်ကြေးငွေများ ပေးသွင်းရမည်ဖြစ်သည်။

ရောင်းချပွဲသို့ တက်ရောက်လိုသော နိုင်ငံသားရတနာကုန်သည်များကို ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၆)ရက်နေ့မှစ၍ နေပြည်တော်၊ မဏိရတနာကျောက်စိမ်းခန်းမရှိ ရတနာကုန်သည် မှတ်ပုံတင် အဆောက်အအုံတွင် ရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပေးမည် ဖြစ်သည်။ ဝန်ကြီးဌာန Website www.mining.gov.mm နှင့် မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်း Website www.mge.gov.mm တွင် နိုင်ငံသားရတနာကုန်သည်များ မှတ်ပုံတင်ရာ၌ ဖြည့်သွင်းရမည့်ပုံစံများကို Download ရယူနိုင်သည်။ On-line မှတစ်ဆင့် လျှောက်ထားလိုပါက Website www.mge.gov.mm ၊ On-line Pre-Registration System တွင် မှတ်ပုံတင်၍ ရောင်းချပွဲ တက်ရောက်ခွင့်ကိစ္စရပ်များ ဆောင်ရွက်နိုင်သည်။

၂၀၂၀ ခုနှစ်၊ ဇန်နဝါရီလ ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ တက်ရောက်ဝယ်ယူခွင့် ကိစ္စများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီ၊ မြန်မာ့ကျောက်မျက်ရတနာ ရောင်းဝယ်ရေးလုပ်ငန်းရုံးချုပ် (နေပြည်တော်)၊ လုံးခင်း/ ဖားကန့်တူးဖော်ရေးဌာန၊ မိုးကုတ်တူးဖော်ရေးဌာန၊ မိုင်းရှူးတူးဖော်ရေးဌာန၊ ရန်ကုန်ပြတိုက်ဌာန၊ မန္တလေးစခန်းရုံး၊ ခန္တီးစခန်းရုံး၊ မိုးညှင်းစခန်းရုံး၊ မြစ်ကြီးနားစခန်းရုံးများတွင် ဆက်သွယ်စုံစမ်းနိုင်ကြောင်း မြန်မာ့ကျောက်မျက်ရတနာပြပွဲ ဗဟိုကော်မတီမှ အသိပေးကြေညာထားသည်။

MDN