နေပြည်တော် ၅ ဇန်နဝါရီ
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ စတုတ္ထနေ့ကို ယနေ့နံနက် ၈ နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲပေါင်း ၁၂၅၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးခဲ့သည်။
ယနေ့ပြပွဲတွင် နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်းခန်းမနှင့် သတ်မှတ်နေရာများ၌ ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲ များကို မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ လှည့်လည်ကြည့်ရှုရွေးချယ်၍ ဈေးနှုန်းအဆိုပြုလွှာများကို သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်းကြသည်။
ယခုရောင်းချပွဲကို ဇန်နဝါရီ ၇ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ အမှတ် ၁၂၅၁ မှ အတွဲအမှတ် ၂၅၀ဝ အထိ ကျောက်စိမ်းအတွဲပေါင်း ၁၂၅၀ ကို ဇန်နဝါရီ ၆ ရက်တွင်လည်းကောင်း၊ ကျောက်စိမ်းအတွဲ အမှတ် ၂၅၀၁ မှ အတွဲအမှတ် ၃၆၉၅ ထိ ကျောက်စိမ်းအတွဲပေါင်း ၁၁၉၅ တွဲကို ဇန်နဝါရီ ၇ ရက်တွင် လည်းကောင်း အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယခုရောင်းချပွဲသို့ ပြည်တွင်းရတနာကုန်သည် ၂၀ဝ၀ ကျော်လာရောက်ခဲ့ပြီး ယနေ့တွင် ကျောက်စိမ်း အတွဲပေါင်း ၁၂၅၀ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်း ချပေးခဲ့ရာ ၁၁၉၂ တွဲ ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
ယနေ့တွင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာရဲမြင့်ဆွေသည် ပြပွဲကျင်းပရာ မဏိရတနာကျောက်စိမ်းခန်းမသို့ ရောက်ရှိလာပြီး ရတနာကုန်သည်များ ကျောက်စိမ်းအတွဲများအား လွတ်လပ်စွာစိတ်ကြိုက် ကြည့်ရှုရွေးချယ်ဝယ်ယူနေမှု အခြေအနေများကို ကြည့်ရှုရာ ပြပွဲဗဟိုကော်မတီဝင်များနှင့် မြန်မာ့ကျောက်မျက်ရတနာ လုပ်ငန်းရှင်များအသင်းမှ တာဝန်ရှိသူများက ရှင်းလင်းပြသကြသည်။
မော်စီ(သတင်းစဉ်)