နေပြည်တော် ၆ ဇန်နဝါရီ
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲ ပဉ္စမနေ့ကို ယနေ့နံနက် ၈နာရီတွင် နေပြည်တော်ရှိ မဏိရတနာကျောက်စိမ်းခန်းမ၌ ဆက်လက်ကျင်းပရာ ကျောက်စိမ်းအတွဲများကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချခဲ့ပြီး ကျောက်စိမ်းအတွဲ ပေါင်း (၁၁၅၈) တွဲကို ငွေကျပ် ၂၃၅၆၁ ဒသမ ၄၀၃ သန်းဖြင့် ရောင်းချနိုင်သည်။
ယနေ့ရောင်းချပွဲတွင် နံနက်ပိုင်းမှစတင်၍ ပြည်တွင်း ရတနာကုန်သည်များသည် မဏိရတနာ ကျောက်စိမ်း ခန်းမနှင့် သတ်မှတ်နေရာများ၌ ခင်းကျင်းပြသထားသည့် ကျောက်စိမ်းအတွဲများကို မိမိတို့စိတ်ကြိုက် လွတ်လပ်စွာ လှည့်လည်ကြည့်ရှုကြပြီး ဈေးနှုန်းအဆိုပြုလွှာများ ရေးသား၍ သက်ဆိုင်ရာ တင်ဒါပုံးများအတွင်းသို့ ထည့်သွင်း ကြသည်။
ယနေ့ ရောင်းချပွဲတွင် ကျောက်စိမ်းအတွဲ အမှတ် (၁၂၅၁)မှ အတွဲအမှတ် (၂၅၀ဝ)အထိ ကျောက်စိမ်း အတွဲပေါင်း (၁၂၅၀) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချ ခဲ့ရာ (၁၁၅၈) တွဲကို ငွေကျပ် ၂၃၅၆၁ ဒသမ ၄၀၃ သန်းဖြင့် ပြည်တွင်းရတနာ ကုန်သည် များထံရောင်းချနိုင်သည်။
ကျောက်မျက်ရတနာများ မြန်မာကျပ်ငွေဖြင့် ရောင်းချပွဲကို ဇန်နဝါရီ ၇ ရက်အထိ ဆက်လက်ကျင်းပသွားမည်ဖြစ်ပြီး ကျောက်စိမ်းအတွဲ အမှတ်(၂၅၀၁)မှ အတွဲအမှတ် (၃၆၉၅)ထိ ကျောက်စိမ်းအတွဲပေါင်း (၁၁၉၅) တွဲကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် ရောင်းချပေး သွားမည်ဖြစ်ကြောင်းသိရသည်။
ယခုရောင်းချပွဲသို့ ပြည်တွင်းရတနာကုန်သည် ၂၀ဝ၀ ကျော်လာရောက်ခဲ့ပြီး ယနေ့အထိ ကျောက်မျက်အတွဲပေါင်း (၂၈၆)တွဲနှင့် ကျောက်စိမ်းအတွဲပေါင်း (၂၅၀ဝ)တွဲ ကို အိတ်ဖွင့်တင်ဒါစနစ်ဖြင့် တင်ပြရောင်းချပေးခဲ့ရာ ကျောက်မျက်အတွဲ ကိုးတွဲကို ငွေကျပ် ၃၆ ဒသမ ၉၁၈ သန်းဖြင့်လည်းကောင်း၊ ကျောက်စိမ်းအတွဲ (၂၃၅၀)တွဲကို ငွေကျပ် ၄၂၃၈၆ ဒသမ ၁၂ သန်းဖြင့်လည်းကောင်း ရောင်းချနိုင်ခဲ့ကြောင်း သိရသည်။
မျိုးသူဟိန်း(သတင်းစဉ်)၊ ဓာတ်ပုံ- ကျော်ဇင်ထိုက်