အမရပူရ ၂၆  အောက်တိုဘာ

 

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာအနီးရှိ ကျောက်စိမ်းစေတီမြတ်ကြီးသို့ ဘုရားဖူးများ လာရောက်မှု များပြားလျက်ရှိရာ အဆိုပါဘုရားဈေးတန်းတွင် ရောင်းချနေသော ကျောက်ဖြင့်ပြုလုပ်သော အမှတ်တရ လက်မှုပစ္စည်းများ ဝယ်ယူမှု များပြားလျက်ရှိကြောင်း သိရသည်။

 

“ကျောက်စိမ်းဘုရားမှာ ဘုရားဖူးတွေ နေ့စဉ်များပြားတဲ့အတွက် ကျောက်နဲ့ပြုလုပ်တဲ့ ပစ္စည်းတွေ ဝယ်ယူသူများပြားကြောင်း၊ ကျောက်စိမ်းလက်ကောက်၊ ကျောက်စိမ်းပုတီး၊ ကျောက်ဆွဲကြိုးနှင့် အခြားကျောက်ဖြင့် ပြုလုပ်သော ပစ္စည်းများလည်း ရောင်းချကြောင်း၊ ဈေးနှုန်းကလည်း ငွေကျပ်တစ်ထောင်မှ ငွေကျပ် တစ်သောင်းလောက်ထိပဲဆိုတော့ လူတန်းစားမရွေး ဝယ်ယူနိုင်ကြောင်း၊ ဈေးနှုန်းချိုသာ၍ အမှတ်တရဝယ်ယူသူ များပြားကြောင်း၊  ဘုရားဖူးများသလို၊ ဝယ်ယူသူလည်းများပါတယ်’’ ဟု ကျောက်စိမ်းစေတီတော် ဈေးဆိုင်တန်းတွင် အမှတ်တရပစ္စည်းများ ရောင်းချနေသော ဆိုင်ရှင်တစ်ဦးက ပြောပြသည်။

 

“ကျောက်စိမ်းဘုရားကို လွန်ခဲ့တဲ့ (၂) နှစ်လောက်က ရောက်ဖူးပါတယ်၊ အခုတော်တော်လေး ပြောင်းလဲသွားပြီ ဘုရားဝင်းထဲမှာ သစ်ပင်ကြီးတွေ အုံ့ဆိုင်းပြီး စောင်းတန်းတွေလည်း တည်ဆောက်ထားတာ တွေ့ရတယ်၊ အပြန်မှာ ကျောက်နဲ့ပြုလုပ်ထားတဲ့ အမှတ်တရ ပစ္စည်းလေးတွေ ဝယ်ခဲ့ပါတယ်၊ ဈေးနှုန်းလေးတွေ သက်သာတော့ သူငယ်ချင်းတွေ လက်ဆောင်ပေးပို့အတွက်ပါ ဝယ်ခဲ့တယ် ’’ဟု မြင်းခြံမြို့နယ်၊ ဖက်ရင်းကျေးရွာ မှ ဘုရားဖူး တစ်ဦး က ပြောကြားသည်။

 

ကမ္ဘာ့ပထမဦးဆုံး ကျောက်စိမ်းစေတီတော်မြတ်ကြီးအား ၂၀၁၅ ခုနှစ်  ဇွန်လက ထီးတော်တင်လှူခဲ့ပြီး မြန်မာမှု အရည်အသွေးမြင့် ကျောက်စိမ်း အနုပညာလက်ရာများ လေ့လာနိုင်သလို ပွင့်လင်းရာသီ ရောက်ရှိလာသောကြောင့် အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးပြည်သူများ စည်းကားလျက်ရှိရာ ကျောက်ဖြင့်ပြုလုပ်သော အမှတ်တရ လက်မှုပစ္စည်းများလည်း ဝယ်ယူသူများပြားကြောင်း သိရသည်။

 

သန်းဇော်မင်း( ပြန်/ဆက်)